ခပ်ခွာခွာနေရမယ့် စည်မျဥ်းတွေမရှိပါက ကူးစက်မှုလှိုင်း နောက်တစ်ကြိမ် ကြုံလာရမယ်လို့ ကျွမ်းကျင်သူက သတိပေးပါတယ်။

တောင်ကိုရီးယားမှာ အစိုးရက လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ့် တင်းကြပ်တဲ့ စည်မျဥ်းညွှန်ကြားချက်တွေ ချမှတ်ဆောင်ရွက်ခြင်း မရှိပါက COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်မှုလှိုင်းကို နောက်တစ်ကြိမ် ကြုံတွေ့လာရမယ်လို့ ထင်ရှားတဲ့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သတိပေးလိုက်ပါတယ်။

ဗိုင်းရပ်စ်ရှိသူနဲ့ ထိတွေ့မှုအရေအတွက်ကို လူအချင်းချင်း ခပ်ခွာခွာနေခြင်းဖြင့်သာ လျှော့ချနိုင်မှာပါ


(Photo: Ahn Young-joon/AP)

ခပ်ခွာခွာနေရမယ့် တင်းကြပ်တဲ့ စည်းမျဥ်းတွေမရှိပါက လာမယ့် ဇူလိုင်လအတွင်း တောင်ကိုရီးယားမှာ တစ်ရက်လျှင် ကူးစက်ခံသူအသစ် ၈၀၀ အထိ အများအပြား ရှိလာနိုင်ကြောင်း အဆိုပါ ကျွမ်းကျင်သူက သတိပေးခဲ့ပါတယ်။ တောင်ကိုရီးယားမှာ ကာကွယ်ရေးနဲ့ ပိုးသန့်စင်ရေး သတ်မှတ်ညွှန်ကြားချက်တွေကို နေ့စဥ့် COVID-19 အတည်ပြုလူနာသစ် တွေ့ရှိရမှု ဂဏန်းတစ်လုံး အရေအတွက်သို့ လျော့ကျသွားချိန်အထိ ဆက်လက် တိုးချဲ့ထားမယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ဇွန် ၁၂ ရက်နေ့မှာ ပြောခဲ့ပါတယ်။

ကျန်းမာရေးအာဏာပိုင်တွေက ထိုသို့ ပြောကြားခဲ့ပြီးနောက် တောင်ကိုရီးယား National Cancer Centre မှာ ကျွမ်းကျင်သူ ပါမောက္ခ Ki Moran က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်း ကြုံလာနိုင်တဲ့ အခြေအနေကို သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။ ပါမောက္ခ Ko Moran က ဇွန် ၁၁ ရက်နေ့ ကူးစက်မှုကိန်းဂဏန်းကို အခြေခံပြီး သင်္ချာနည်းအရ တွက်ချက်ခဲ့ရာမှာ ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လအတွင်း ကူးစက်မှုနှုန်းဟာ ဗိုင်းရပ်စ်ရှိသူတစ်ဦးထံမှ ပျမ်းမျှအားဖြင့် လူဦးရေ ၁.၇၉ ကို ကူးစက်တဲ့အခြေအနေ ဖြစ်လာနိုင်ကြောင့် ခန့်မှန်းထားပါတယ်။

နေ့စဥ် ကူးစက်မှုအသစ် ၅၀ ဝန်းကျင်နားမှာ တန့်နေပေမဲ့လည်း ဆိုးလ်ဧရိယာမှာ ကာကွယ်ရေး အစီအမံတွေ ဆက်လုပ်မှာပါ

(Photo: Kim Jun-beom/Yonhap via AP)

အကယ်၍ ကူးစက်မှုနှုန်းဟာ ထိုကိန်းဂဏန်းဖြစ်နေပါက တောင်ကိုရီးယားမှာ ဇွန် ၂၅ ရက်နေ့အရောက် နေ့စဥ်ကူးစက်မှုအသစ် ၂၅၄ ဦးနဲ့ ဇူလိုင် ၉ ရက်နေ့မှာ ၈၂၆ ဦး တွေ့လာရမယ်လို့ ပါမောက္ခ Ki Moran ရဲ့ တွက်ချက်မှုအရ သိရှိရပါတယ်။ တောင်ကိုရီးယားအစိုးရရဲ့ အထောက်အပံ့ဖြင့် ပြုလုပ်ခဲ့တဲ့ သုတေသနက အကောင်းဆုံး အခြေအနေ ခန့်မှန်းချက်မှာတော့ လက်ရှိ ကူးစက်မှုနှုန်းကို ထက်ဝက်လျှော့ချ တွက်ချက်ထားခဲ့ရာ ဇွန် ၂၅ ရက်နေ့အရောက်မှာ နေ့စဥ် ကူးစက်မှုအသစ် ၂၃ ဦးနဲ့ ဇူလိုင် ၉ ရက်နေ့မှာ ၄ ဦး ဖြစ်မယ်လို့ ဆိုထားပါတယ်။

"P လို့ သတ်မှတ်ထားတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ 'probability of infection' ကို mask တပ်ခြင်းနဲ့ လက်ဆေးခြင်းဖြင့် လျှော့ချနိုင်ပါတယ်၊ ဒါပေမဲ့ C လို့ခေါ်တဲ့ ထိတွေ့မှုအရေအတွက် 'number of contacts made' ကိုတော့ လူအချင်းချင်း ခပ်ခွာခွာနေခြင်းဖြင့်သာ လျှော့ချနိုင်မှာပါ၊ P နဲ့ C က ဗိုင်းရပ်စ်ရှိသူတစ်ဦးက‌နေ နောက်ထပ် လူဦးရေ မည်မျှဆီကို ကူးစက်သွားတဲ့ ကူးစက်မှုနှုန်းအတွက် အဓိကကျပါတယ်" လို့ ပါမောက္ခက Ki Moran က ရှင်းပြပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေကို mask တပ်ခြင်းနဲ့ လက်ဆေးခြင်းဖြင့် လျှော့ချနိုင်ပါတယ်

(ပါမောက္ခ Ki Moran) (Photo: Kim Sunjoo/Korea.net)

ဆိုးလ်မြို့ ပတ်ဝန်းကျင်နေရာတွေမှာ COVID-19 ကူးစက်မှုအသစ်များ တွေ့ရှိလာရပြီးနောက် တောင်ကိုရီးယားရဲ့ နေ့စဥ် ကူးစက်မှုအသစ်တွေ့ရှိရမှုဟာ ကိန်းဂဏန်းနှစ်လုံး အရေအတွက် ဆက်လက်ဖြစ်နေခဲ့ပါတယ်။ တနင်္ဂနွေနေ့ (ဇွန် ၁၄ ရက်) နေ့ ထုတ်ပြန်ချက်အရ တောင်ကိုရီးယားမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၃၇ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၁၂,၁၂၁ ဦးရှိလာခဲ့ကြောင်း Reuters က ဖော်ပြပါတယ်။

လက်ရှိအချိန်အထိ တောင်ကိုရီးယားမှာ COVID-19 ကြောင့် သေဆုံးသူ ၂၇၇ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။ "နေ့စဥ် ကူးစက်မှုအသစ် ၅၀ ဝန်းကျင်နားမှာ တန့်နေပေမဲ့လည်း ဆိုးလ်ဧရိယာမှာ ကာကွယ်ရေး အစီအမံတွေ ဆက်လုပ်မှာပါ၊ ကူးစက်မှုထိန်းချုပ်ဖို့ ဗိုင်းရပ်စ်ရှိသူနဲ့ ထိတွေ့ခဲ့ဖူးသူတွေကို ရှာဖွေခြင်းနဲ့ စောင့်ကြည့်ခြင်းတွေ လုပ်ဆောင်နေပါတယ်" လို့ Korea Centers for Disease Control and Prevention မှ Kwon Jun-wook က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

(Photo: Reuters)

အခြား ကျွမ်းကျင်သူတွေကတော့ တင်းကြပ်ပြင်းထန်တဲ့ အချင်းချင်း ခပ်ခွာခွာနေရမယ့် စည်းမျဥ်းစည်းကမ်းတွေ ပြန်လည်ချမှတ် ဆောင်ရွက်မယ့်အပေါ် တောင်ကိုရီးယားနိုင်ငံသားတွေက စိတ်ရှည်သည်းခံပြီး လိုက်နာခြင်းရှိ မရှိကို မေးခွန်းထုတ်ကြပါတယ်။ တောင်ကိုရီးယားဟာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့မှုအတွက် နိုင်ငံတကာက စံနမူနာပြုပြီး ချီးကျူးခဲ့ကြတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က