မော်ရိုကိုနောက်ခံလူဟာကီမီကို သွားအားပေးနှစ်သိမ့်ခဲ့တာပါ။

အီဂျစ်အသင်းခေါင်းဆောင်မိုဟာမက်ဆာလာဟာ မော်ရိုကိုကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးဖြစ်စေမယ့် ဖန်တီးမှုကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ မော်ရိုကိုရဲ့ ပွဲအစောပိုင်းဦးဆောင်မှုကို ဒုတိယပိုင်းမှာ ဆာလာက ချေပခဲ့ပြီး အချိန်ပိုမိနစ် ၁၀၀မှာ ထရာဇီဂေးရဲ့ သွင်းဂိုးအတွက် ဖန်တီးပေးခဲ့ပြီး အီဂျစ်ကို နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

အီဂျစ်က ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပြီဖြစ်ကာ အိမ်ရှင်ကင်မရွန်းနဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ အီဂျစ်-မော်ရိုကိုပွဲပြီးဆုံးကြောင်း ကွင်းလယ်ဒိုင်က ခရာမှုတ်ခဲ့ချိန်မှာတော့ အီဂျစ်အသင်းသားတွေဟာ နောက်တဆင့်တက်နိုင်ခဲ့လို့ အောင်ပွဲခံနေခဲ့ကြပေမယ့် ဆာလာကတော့ အောင်ပွဲမခံခဲ့ဘဲ မော်ရိုကိုနောက်ခံလူဟာကီမီကို သွားရောက်နှစ်သိမ့်နေခဲ့ပါတယ်။ 

အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံဖို့ထက် ပြိုင်ဘက်အသင်းသားကို အားပေးနှစ်သိမ့်ဖို့ကိုသာ ဆာလာက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီအပြုအမူအတွက် သူ့ကိုလူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေက ချီးကျူးနေကြပြီး အီဂျစ်သားကြီးကတော့ အားလုံးရဲ့နှလုံးသားတွေကိုပါ သိမ်းပိုက်ခဲ့ပြီး ကစားသမားကောင်းတဦးရဲ့ အလေ့အထနဲ့ စိတ်ဓာတ်ပိုင်းကို ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်အတွက်လည်း ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ ဆာလာဟာ မိခင်နိုင်ငံကိုလည်း ဦးဆောင်ကစားပေးနေတာဖြစ်ပြီး ဒီအာဖရိကဖလားပြိုင်ပွဲမှာလည်း ၃ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ ခြေစွမ်းပိုင်းအရလည်း ဆာလာက အများကြီးတိုးတက်လာခဲ့သလို ရင့်ကျက်မှုတွေလည်း ပိုရှိလာနေတယ်လို့ ယူဆရပြီး ဒီပြိုင်ပွဲမှာ အသင်းအတွက် ဆုဖလားပါဆွတ်ခူးပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ 

Share

က္က