ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးဟာ မနေ့ညက လီဗာပူးနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲအပြီးမှာ လီဗာပူးပရိသတ်တွေရှိရာဘက်ကို လှည့်ဆဲဆိုခဲ့ပြီး အောင်ပွဲခံသွားတယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ယူနိုက်တက်အတွက် အဖွင့်ဂိုးကို တွမ်မီနေးက ပွဲကစားချိန် (၁၀) မိနစ်ကတည်းက သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီကစားသမားက မိနစ် (၁၂၀) လုံးလုံး အသင်းအတွက် ပါဝင်ကစားပေးခဲ့ပါတယ်။ ဒီယာလိုရဲ့ နောက်ကျအနိုင်ဂိုးနဲ့အတူ ယူနိုက်တက်တို့ ပွဲကို အနိုင်ရရှိပြီးနောက် တွမ်မီနေးက ဂိုးသမား အိုနာနာကို ပွေ့ဖက် အောင်ပွဲခံခဲ့ပါတယ်။
ဒီလိုမျိုး အောင်ပွဲခံတဲ့နေရာမှာ အိုနာနာရဲ့ အနောက်ဘက်ထောင့်မှာရှိတဲ့ လီဗာပူးပရိသတ်တွေရှိရာကို လှည့်ပြီး F စာလုံး သုံးစွဲကာ အောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။ ရုပ်သံမှတ်တမ်းတွေအရ ယူနိုက်တက်အကယ်ဒမီထွက် တွမ်မီနေးဟာ လီဗာပူးပရိသတ်တွေကို ဆဲဆိုပြီး အောင်ပွဲခံခဲ့တယ်လို့ အားလုံးက ယုံကြည်နေပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာလည်း ယူနိုက်တက်ပရိသတ်တွေက “တွမ်မီနေးက လီဗာပူးပရိသတ်တွေကို ဆဲဆိုအောင်ပွဲခံနေခဲ့ပြီး ဒီဗီဒီယိုတွေက အရမ်းကို မိုက်ပါတယ်” လို့ အမျိုးမျိုးမှတ်ချက်ပေးနေခဲ့ကြပါတယ်။ အင်္ဂလန်ဒါဘီအဖြစ် တင်စားပြောဆိုနိုင်တဲ့ ဒီပွဲကတော့ ပရိသတ်တွေကို တစ်ပွဲလုံး မရိုးနိုင်တဲ့ ရသမျိုးစုံ ပေးစွမ်းခဲ့တာပါ။
တွမ်မီနေးဟာ မနေ့ညက ယူနိုက်တက်ရဲ့ နိုင်ပွဲအတွက် အရေးပါတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သလို အချိန်ပိုနာရီဝက် ၂-၃ ဂိုးနဲ့ ရှုံးနေချိန်မှာလည်း အရေးပါတဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ ချေပဂိုးအတွက် အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့ပြီး ယူနိုက်တက်ဂန္တဝင်ဟောင်းကြီး ရွိုင်ကိန်းကိုယ်တိုင်ကပါ တွမ်မီနေးကို ချီးကျူးပြောကြားခဲ့ပါတယ်။