အင်တာမိုင်ယာမီ တိုက်စစ်ကြယ်ပွင့် မက်ဆီဟာ အယ်လ်အေအက်ဖ်စီကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ မီဒီယာတွေနဲ့ ပထမဆုံး တွေ့ဆုံခဲ့ကြောင်း သိရှိရပါတယ်။ ဒီပွဲမှာ မက်ဆီက ဂိုးမသွင်းနိုင်ပေမယ့် အသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
မက်ဆီ ရောက်ရှိလာပြီးနောက် အင်တာမိုင်ယာမီက ပြိုင်ပွဲစုံမှာ ရှုံးပွဲ လုံးဝမရှိတော့ဘဲ ဆုဖလားတစ်လုံးကိုလည်း ဆွတ်ခူးထားပြီးဖြစ်ပါတယ်။ မေဂျာလိဂ်ရဲ့ စည်းကမ်းတွေအရ သတ်မှတ်ထားတဲ့ ကစားသမားတွေဟာ ပွဲအပြီးမှာ မီဒီယာတွေနဲ့ အင်တာဗျူး ဖြေဆိုရမယ်လို့ သိရှိရပါတယ်။
အစောပိုင်းပွဲတွေမှာ မက်ဆီက ဒီစည်းမျဉ်းတွေကို ရှောင်လွှဲခဲ့ပေမယ့် မနေ့ကပွဲအပြီးမှာတော့ Apple TV နဲ့ တွေ့ဆုံခန်းမှာ မက်ဆီက ကွင်းအတွင်း အင်တာဗျူးဖြေကြားပေးခဲ့ပါတယ်။ မက်ဆီက “အသင်းက တစ်နေ့ထက် တစ်နေ့ တိုးတက်လာခဲ့ပြီး ဒါကို အစောကတည်းက မြင်တွေ့ခဲ့ရပါတယ်”
“ကျွန်တော်တို့မှာ ပြိုင်ပွဲတစ်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်ဖို့အထိ ကံဇာတာကောင်းခဲ့ပြီး အခုဆိုရင်တော့ အမှတ်ပေးပွဲမှာပါ ချန်ပီယံဖြစ်ဖို့အတွက် ပလေးအော့ဖ်နေရာကိုပါ ပစ်မှတ်ထားနေပါပြီ။ အခု နိုင်ပွဲက ကျွန်တော်တို့အတွက် ယုံကြည်မှုတွေ အများကြီးရှိစေခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
မက်ဆီဟာ အရင်ပွဲတွေမှာ ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရမယ့် အစီအစဉ်တွေကို ရှောင်လွှဲသွားခဲ့တာကြောင့် အရေးယူခံရနိုင်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ မက်ဆီက သူ့ရဲ့ အင်္ဂလိပ်စကား မကျွမ်းကျင်မှုကို အကြောင်းပြ ငြင်းဆိုသွားခဲ့ပါတယ်။