ဟာလန်းကတော့ ပရီးမီးယားလိဂ် ဂိုးပေါင်း ၅၀ ပြည့်သွားခဲ့ပါပြီ။

မန်စီးတီး-လီဗာပူးလ်တို့ပွဲကတော့ ပထမပိုင်းမှာကတည်းက အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် အမှားတွေများနေခဲ့ပြီး ပြိုင်ဘက်တည့်တည့်ဆီပဲ ဘောလုံးကန်ပေးနေတာက ထူးထူးခြားခြားပါပဲ။ အိမ်ကွင်းဖြစ်လို့ မန်စီးတီးတို့ တိုက်စစ်ကို ပိုဖိအားပေးကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း သွင်းနိုင်ခဲ့ပါတယ်။ ဒိုကူရဲ့ ဘယ်တောင်ပံက တိုက်စစ်ဆင်မှုတွေက အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန်ကြာလေ လီဗာပူးလ်အခက်တွေလေဖြစ်နေပါတယ်။ 

လီဗာပူးလ်ရဲ့ တိုက်စစ်ကလည်း ခြိမ်းခြောက်နိုင်မှုအပြည့်ပါ။ ဒါဝင်နူနက်ဇ်ရဲ့ အပိုင်ခေါင်းတိုက်ချက်ကို အီဒါဆန် ကာကွယ်နိုင်ခဲ့လို့သာပါ။ မန်စီးတီးတို့ ဖိကစားနေရင်းပဲ ဟာလန်းရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိုးကြောင့် ဟာလန်းက ပရီးမီးယားလိဂ်မှာ ၄၈ ပွဲသာ ကစားပြီး ဂိုး၅၀ ပြည့်ခဲ့ပါတယ်။ ပွဲအနည်းဆုံးကစားပြီး ဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားဖြစ်ခဲ့သလို ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ကို ဂိုးမသွင်းနိုင်သေးတဲ့ မှတ်တမ်းကိုလည်း ရိုက်ချိုးသွားခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာလည်း မန်စီးတီးကပဲ ပိုပြီးတော့ ကောင်းခဲ့တာပါ။ တိုက်စစ်ပိုကစားနိုင်ပြီး လီဗာပူးလ်တိုက်စစ်ကတော့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ မန်စီးတီးကစားပုံက တော်တော်လေးအကွက်စေ့ခဲ့ပြီး ဂိုးသွင်းသေချာရင် ဂိုးတောင်ပြတ်မယ့်အနေအထားဖြစ်ခဲ့တာပါ။ လီဗာပူးလ်ကတော့ မန်စီးတီးကို ဂိုးထပ်မပေးရဖို့ကို အာရုံစိုက်ခဲ့ပြီး တိုက်စစ်က သိသိသာသာကို အားနည်းခဲ့ပါတယ်။

ဒီယက်ဇ်လူစားဝင်လာခဲ့ပေမယ့်လည်း သိပ်မထူးခြားခဲ့ပါဘူး။ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေတောင် မလုပ်နိုင်ခဲ့တဲ့အထိပါ။ ပွဲတိုင်းဂိုးရနေတဲ့ လီဗာပူးလ်တိုက်စစ်က ဒီနေ့ ဆွံ့အနေခဲ့ပါတယ်။ ကွင်းလယ်ပိုင်းနဲ့ ကစားကွက်ပိုင်းမှာ မန်စီးတီးကို သူတို့ အသာစီးမရခဲ့တာက ပွဲအဖြေထွက်ခဲ့တာပါပဲ။ ဆာလာလည်း ဘာမှမတတ်နိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရတာပါ။ ဒါပေမယ့် မိနစ် ၈၀ မှာတော့ မထင်မှတ်ဘဲ ဆာလာရဲ့ ဖန်တီးပေးမှုကနေ အာနိုးက လီဗာပူးလ်အတွက် ချေပဂိုးကို သွင်းပေးသွားလို့ ၁- ၁ ဖြစ်ခဲ့ပါတယ်။


မန်စီးတီးကတော့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘဲ ပွဲအထိန်းလွန်ပြီး သရေဖြစ်သွားခဲ့တာပါ။ ကိုယ်ကအသာစီးရချိန်မှာ ပွဲကို အပြီးသတ်လုပ်ထားနိင်သင့်ပေမယ့် မလုပ်နိုင်ခဲ့တဲ့ အကျိုးကို ခံစားလိုက်ရပြီး အိမ်ကွင်းမှာ အမှတ်ခွဲပေးလိုက်ရပါတယ်။


Share

Loading Next Article...
က္က