ရော်နယ်ဒိုရဲ့ အပြုအမူသေးသေးလေးက ကလေးငယ်ကို ပျော်ရွှင်စေခဲ့တာပါ။

ပေါ်တူဂီနဲ့ချက်တို့ ကစားခဲ့တဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဥ်က ရော်နယ်ဒိုရဲ့ မထင်မှတ်ထားတဲ့ အပြုအမူလေးတခုကြောင့် ဘောကောက်ကလေးငယ်လေး လုံးဝကို အံ့အားသင့် ပျော်ရွှင်သွားခဲ့ရတယ်လို့ ဗီဒီယိုမှတ်တမ်းတွေအရ သိရှိရပါတယ်။ ဒီပွဲမှာ ပေါ်တူဂီက ချက်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။



ရော်နယ်ဒိုဟာ ဒီပွဲမှာဂိုးမသွင်းနိုင်ခဲ့ဘဲ သူ့ရဲ့ထိုးဖောက်ကန်သွင်းမှုတွေကလည်း ဂိုးကံခေခဲ့ရပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုအနေနဲ့ ပွဲချိန်အတွင်းမှာ ပြိုင်ဘက်နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ဂိုးရှေ့ကို ‘မ’ တင်ပေးတဲ့အချိန်မှာလည်း ချက်ဂိုးသမား စတာနက် ပုတ်ထုတ်ခဲ့လို့ ထောင့်ကန်ဘောဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုး သူ့ရဲ့အားထုတ်မှုမအောင်မြင်ခဲ့တဲ့နောက် ရော်နယ်ဒိုက စိတ်ပျက်ပြီး ဂိုးတိုင်နောက်က ကြော်ငြာဆိုင်းဘုတ်ကို လက်နဲ့ရိုက်နေခဲ့ပါတယ်။

ဒီလိုအချိန်မှာပဲ ပေါ်တူဂီတို့ ထောင့်ကန်ဘောကန်ရမယ့် ဘောလုံးအတွက် ဘောကောက်လေးတယောက်က ဘာနာဒိုဆေးလ်ဗားဆီ ဘောလုံးပစ်ပေးလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ နောက်ထပ်ဘောကောင်ကလေးတယောက်က ဘောလုံးကိုပိုက်ထားရင်း စိတ်ပျက်နေတဲ့ ရော်နယ်ဒိုဆီ ပြေးလာခဲ့ပါတယ်။ အဲ့ဒီနောက် လက်ဝါးချင်းရိုက်ဖို့ ရော်နယ်ဒိုကို ကမ်းလှမ်းခဲ့တာပါ။



ရော်နယ်ဒိုက ဒီတိုင်းလှည့်ထွက်သွားပြီလို့ ပရိသတ်တွေထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ရော်နယ်ဒိုက ဘောကောက်ကလေးငယ်လေးနဲ့ လက်ဝါးချင်းရိုက်ပေးသွားခဲ့ပါတယ်။ ဒါဟာ သာမန်လူတယောက်ဆီကဆိုရင် သာမန်ကိစ္စတရပ်ပါပဲ။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ မထင်မှတ်ထားတဲ့ အပြုအမူသေးသေးလေးက ဘောကောက်လေးကို ရူးလောက်အောင် ပျော်ရွှင်စေခဲ့ပါတယ်။

သူနဲ့အတူ အခြားသော ဘောကောက်ကလေးငယ်ကလည်း အတူတကွ ဝမ်းသာအားရဖြစ်ခဲ့ပြီး ဒီမြင်ကွင်းကို မြင်တွေ့ခဲ့ရတဲ့ ပရိသတ်တွေကလည်း ဝမ်းသာအားရဖြစ်ခဲ့ကြပါတယ်။ ဒီဗီဒီယိုအပေါ်မှာ ပရိသတ်တွေက “တကယ်လို့ GOAT ကြီးသာ ငါနဲ့အဲ့ဒီလိုမျိုး လက်ဝါးချင်းရိုက်ခဲ့ရင်တော့ ဘယ်တော့မှ လက်ပြန်ဆေးတော့မှာ မဟုတ်ဘူး” “ဒါတောင် လူတွေက ရော်နယ်ဒိုကို အတ္တကြီးတယ်၊ ရိုင်းစိုင်းတယ်ပြောနေသေးတယ်” လို့လည်း မှတ်ချက်ပြုခဲ့ကြပါတယ်။ 

Share

က္က