ချဲလ်ဆီးက နော်တင်ဟမ်ဖောရက်စ်နဲ့ သရေကျခဲ့တာပါ။

ချဲလ်ဆီးနည်းပြ လမ်းပတ်က တန်းဆင်းဇုန်ထဲက နော်တင်ဟမ်‌ဖောရက်စ်ကို အိမ်ကွင်းမှာ သရေကျခဲ့ပြီးနောက် အသင်းအနေနဲ့ ကွင်းအတွင်းမှာ ပွဲကို ဖြတ်ပေးနိုင်တဲ့ ကစားသမားမရှိခဲ့ကြောင်း ငြီးတွားပြောကြားခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့အဆိုပါပွဲမှာ ချဲလ်ဆီးတို့ နော်တင်ဟမ်ဖောရက်စ်ရဲ့ တန်းဆင်းဇုန်ရုန်းအားကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။



ဒီပွဲမှာ ချဲလ်ဆီးတို့ စတာလင်ရဲ့ သွင်းဂိုးနှစ်ဂိုးရရှိခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ ရုန်းအားကြောင့် အိမ်ကွင်းမှာ အခက်တွေ့ခဲ့ပြီး သရေရလဒ်က ချဲလ်ဆီးအတွက် သင့်တော်တဲ့ ရလဒ်တစ်ခုလို့ဆိုရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ဒီပွဲသရေရလဒ်ကြောင့် လမ်းပတ်အတွက်တော့ တစ်ကျော့ပြန် ချဲလ်ဆီးနည်းပြဘဝမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားပါသေးတယ်။

နော်တင်ဟမ်‌ဖောရက်စ်နဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ လမ်းပတ်က “ကွင်းထဲမှာ အသင်းအတွက် ပွဲကို အပြတ်ဖြတ်ပေးနိုင်တဲ့ ကစားသမားမျိုးမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၇၆) ရာခိုင်နှုန်းအထိ ရရှိခဲ့ပေမယ့် နိုင်ပွဲတော့ ရှာဖွေနိုင်ခဲ့ခြင်းမရှိပါဘူး။

ချဲလ်ဆီးပိုင်ရှင်‌ တော့ဒ်ဘိုလေဟာ အသင်းကို စတင်လက်လွှဲဝယ်ယူပြီးချိန်ကတည်းက ကစားသမားသစ် ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀၀) နဲ့ အထက် အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပတ်ရဲ့ဒီပြောစကားကတော့ တော့ဒ်ဘိုလေကို နောက်ထပ်တစ်ကြိမ် ငွေထုပ်ဆွဲပြီး အပြောင်းအရွှေ့စျေးကွက်ထဲ ပစ်ဝင်ဖို့ သွယ်ဝိုက်တိုက်တွန်းတာလည်း ဖြစ်နေပါတယ်။

ချဲလ်ဆီးဟာ တိုက်စစ်ပိုင်းအတွက် ယာအိုဖီးလစ်၊ မူဒရစ်ခ်တို့လို နာမည်ကျော် ကြယ်ပွင့်တွေရှိနေသည့်တိုင် လမ်းပတ်ရဲ့ အခုပြောစကားက တော့ဒ်ဘိုလေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ဒီပွဲရလဒ်ကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် (၁၁) နေရာမှာသာ ရပ်တည်နိုင်ဆဲဖြစ်ပြီး ချဲလ်ဆီးပရိသတ်တွေအပါအဝင် လမ်းပတ်နဲ့ တော့ဒ်ဘိုလေအတွက်တော့ စိတ်ပျက်စရာကောင်းတဲ့ ဘောလုံးရာသီတစ်ခုဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က