ဆေးကုသမှု ခံယူပြီး ကွင်းထဲ ပြန်ဝင်ကစားတဲ့အချိန်မှာ လဲကျသွားခဲ့တာပါ။

အယ်လ်ဂျီးရီးယား ဘောလုံးသမား ဆိုဖီယန်း လူကာဟာ စနေနေ့က အယ်လ်ဂျီးရီးယားဒုတိယတန်းပွဲစဉ်မှာ ပါဝင်ကစားပေးနေရင်း ရရှိခဲ့တဲ့ ဦးခေါင်းဒဏ်ရာကြောင့် ကွင်းအတွင်း လဲကျသေဆုံးခဲ့ပါတယ်။

အများပြည်သူ ရေဒီယိုဌာန Radio Algerienne ရဲ့ ပြောကြားချက်အရ အယ်လ်ဂျီးရီးယားဒုတိယတန်းပွဲစဉ်အဖြစ် အမ်စီ ဆိုင်ဒါနဲ့ အေအက်စ်အမ် အိုရန်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း အမ်စီဆိုင်ဒါအသင်း ဗဟိုခံစစ်နောက်ခံကစားသမားဟာ အိုရန်အသင်းကစားသမာနဲ့ လေထဲမှာ ဘောလုံးကို ခေါင်းယှဉ်တိုက်ပြီးနောက် မြေကြီးပေါ်ကို ဦးခေါင်းနဲ့ ကျခဲ့တဲ့အချိန်မှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပထမပိုင်း ဦးခေါင်းဒဏ်ရာ ရရှိပြီးနောက်ပိုင်း ဆိုဖီယန်း လူကာဟာ ဆေးအဖွဲ့ဆီကနေ ကုသမှုတွေ ခံယူခဲ့ပြီးနောက် ကွင်းထဲကို ပြန်လည်ဝင်ရောက်ကစားခဲ့ပေမယ့် မိနစ် အနည်းငယ်အကြာမှာ လဲကျသွားခဲ့တာဖြစ်ပါတယ်။

ဆေးအဖွဲ့က ကွင်းထဲကို နောက်ထပ်တစ်ကြိမ် ပြေးဝင် ကုသမှုတွေ ပြုလုပ်ခဲ့ပြီး အရေးပေါ်ကားနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့်လည်း အသက် ၃၀ အရွယ် နောက်ခံကစားသမားဟာ သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ အတည်ပြုခဲ့ရတာဖြစ်ပါတယ်။ လူကာကူရဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ နိုက်စ်တိုက်စစ်မှူး အန်ဒီ ဒီလော့တ်က တွစ်တာမှာ ၎င်းရဲ့ အမ်စီ ဆိုင်ဒါအသင်းဖော်တွေနဲ့ မိသားစုတွေအတွက် ဝမ်းနည်းပူဆွေးကြောင်း ရေးသားခဲ့ပါတယ်။ စနေနေ့နေ့လယ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အေအက်စ်အမ် အိုရန်နဲ့ အမ်စီ ဆိုင်ဒါတို့ပွဲစဉ်ကို ဆိုဖီယန်း လူကာ ရုတ်တရက် လဲကျသေဆုံးသွားမှုကြောင့် မရပ်ဆိုင်းမီ ဧည့်သည် အမ်စီ ဆိုင်ဒါအသင်းက ၁-၀ နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

အမ်စီ ဆိုင်ဒါအသင်းဟာ အယ်လ်ဂျီးရီးယား ဒုတိယတန်းအမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး အမျိုးသားအပျော်တမ်းဘောလုံးလိဂ်ဥက္ကဌ အလီ မာလက်က သေဆုံးသွားတဲ့ ဘောလုံးသမားရဲ့ ယခင်ဆေးစစ်ချက်တွေမှာ မူမမှန်တဲ့အရာ ဘာမှမရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒေသတွင်းသတင်းတွေအရ ဆိုဖီယန်း လူကာဟာ နှလုံးဖောက်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ကြပြီး လက်ရှိအချိန်အထိတော့ ဦးခေါင်းဒဏ်ရာကြောင့် ကွယ်လွန်တာလား၊ နှလုံး ရုတ်တရက်ဖောက်ပြီး ကွယ်လွန်သွားခဲ့တာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။

Share

က္က