ကလော့ပ်နဲ့ သတင်းထောက်တို့ ကပ်သီးကပ်သပ် ငြင်းနေခဲ့ကြတာပါ။

လီဗာပူးနည်းပြကလော့ပ်က ဒီကနေ့ည ရိန်းဂျားစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်အဝေးကွင်းပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်နဲ့ အချေအတင်ဖြစ်ခဲ့ပြန်တယ်လို့ သိရှိရပါတယ်။ အဆိုပါသတင်းထောက်ဟာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့လီဗာပူးပွဲအပြီး လီဗာပူးကစားသမားဟောင်း ဟာမန်းပြောဆိုခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ ကလော့ပ်ကို မေးမြန်းခဲ့တာပါ။



လီဗာပူးအနေနဲ့ ပြန်လည်တောက်လောင်နိုင်ဖို့အတွက် မီးတောက်တခုလိုတယ်လို့ ဟာမန်းက ပြောကြားခဲ့တာဖြစ်ပြီး ဒီစကားအတွက် သတင်းထောက်က မေးမြန်းခဲ့တာပါ။ ဒါပေမယ့် ကလော့ပ်ကတော့ သတင်းထောက်ကို ပြန်ခံငြင်းခဲ့ပြီး “ခင်ဗျားကို ဘယ်သူပြောတာလဲ” လို့ မေးမြန်းခဲ့ရာ သတင်းထောက်က “ဒီဒီဟာမန်း” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။


ဒီအချိန်မှာ ကလော့ပ်က “အိုး... ကောင်းတာပေါ့။ သူက တကယ်ကို ကောင်းမွန်တဲ့ သတင်းရင်းမြစ်ပဲ။ နေရာတိုင်းက သူ့ကိုလေးစားကြတယ်” လို့ ခပ်ရွဲ့ရွဲ့ ပြန်ဖြေခဲ့ပါတယ်။ ဒီအချိန်မှာ သတင်းထောက်က “သူက လီဗာပူးကွင်းလယ်လူဟောင်းနော်” လို့ ထပ်မံပြောကြားခဲ့ပြီး ကလော့ပ်က “ဒီအချက်က ခင်ဗျား ပြောချင်တိုင်း ပြောခွင့်ရှိတဲ့အချက် မဟုတ်ဘူး။ အထူးသဖြင့် ခင်ဗျားဆီမှာ ဘာအိုင်ဒီယာမှမရှိတဲ့အခါမှာပေါ့” လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ သတင်းထောက်က “ကောင်းပါပြီ။ ခင်ဗျားအသင်းအတွက် မီးတောက်တခု လိုအပ်တယ်ဆိုရင် အဲ့ဒါကဘာဖြစ်မလဲ” လို့ ထပ်မေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလော့ပ်က “ဟာမန်းက သူ့စကားကို ခင်ဗျားကို ပေးသုံးထားတယ်၊ ခင်ဗျားအနေနဲ့ အသုံးပြုဖို့ ထိုက်တန်တယ်လို့ မထင်ပါဘူး။ ဟာမန်းရဲ့စကားမပါဘဲနဲ့ ကိုယ့်မေးခွန်းကိုယ်မေးဗျာ” လို့ ထပ်ပြီး ကပ်သီးကပ်သပ်ပြောကြားခဲ့ပြန်ပါတယ်။

အဲ့ဒါကြောင့်လည်း သတင်းထောက်က “အသင်းရဲ့မူလအရှိန်ကို ပြန်ရဖို့ ဘာလိုအပ်တယ်လို့ ခင်ဗျားထင်လဲ” ဆိုပြီး မေးမြန်းတော့မှပဲ ကလော့ပ်ကလည်း ကောင်းကောင်းမွန်မွန် ပြန်လည်ဖြေဆိုခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အငြင်းအခုန်က ကံမကောင်းအကြောင်းမသင့်ရင် ညလုံးပေါက်သွားနိုင်ခြေတောင်ရှိတယ်လို့ ပရိသတ်တွေက နောက်ပြောင်နေကြပြီး ကလော့ပ်အတွက်ကတော့ လီဗာပူးရဲ့ရလဒ်ဆိုးတွေကြောင့် ခံစားချက်မကောင်းဖြစ်နေမှာလည်း သေချာပါတယ်။ 

Share

Loading Next Article...
က္က