ပိုလန်သားကတော့ သူ ဆုမရခဲ့တဲ့အပေါ် အခုထိ မကျေနပ်နိုင်သေးတာဖြစ်ပါတယ်။

လာမယ့်တပတ်မှာ ကျင်းပသွားမယ့် ဘလွန်းဒီအောဆုရွေးချယ်ပေးအပ်ပွဲမှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဘန်ဇီမာက သေချာပေါက်ဆွတ်ခူးလိမ့်မယ်လို့ ဘာစီလိုနာတိုက်စစ်မှူးလီဝန်ဒေါစကီးက ပြောဆိုလိုက်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်အတွက် ထူးရှယ်ခြေစွမ်းပြခဲ့ပြီး ဘလွန်းဒီအောဆုကို ပြိုင်ဘက်မရှိဆွတ်ခူးမယ်လို့ အားလုံးက ယူဆထားတာဖြစ်ပါတယ်။ 

ဘန်ဇီမာဆွတ်ခူးမယ်လို့ ပြောဆိုခဲ့ရာမှာတော့ လီဝန်ဒေါစကီးက ဆုရွေးချယ်ရေးအဖွဲ့ကိုပါ သာသာနဲ့နာနာနှက်သွားခဲ့ပါတယ်။ ၂၀၂၀ တုန်းက ဘလွန်းဒီအောဆုကို လီဝန်ဒေါစကီးက သေချာပေါက်ဆွတ်ခူးဖို့အတွက် ရှိနေခဲ့ပေမယ့်လည်း ကိုဗစ်ကပ်ရောဂါကို အကြောင်းပြပြီး ဆုရွေးချယ်မှုမလုပ်ခဲ့လို့ ပိုလန်သားကြီးဟာ တသက်မှာ တခါလောက်ပဲရနိုင်မယ့် အခွင့်အရေးကောင်းကြီးကို လက်လွှတ်ခဲ့ရပါတယ်။ 

ဘန်ဇီမာရရှိမယ်လို့ ပြောဆိုခဲ့ရာမှာ သူက "ဘန်ဇီမာက ရေပန်းအစားဆုံးတယောက်ဖြစ်နေပါတယ်၊ သူပဲ သေချာပေါက်ရရှိမှာပါ၊ တကယ်လို့သာ သူတို့က ပွဲကို မဖျက်ဘူးဆိုရင် ဘန်ဇီမာပဲ ရမှာပါ" လို့ Movistar နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။ ဒါဟာ သူရမယ့်အလှည့်တုန်းက ပွဲဖျက်ခဲ့တာကို ရည်ရွယ်ပြီး ခနဲ့ခဲ့တာဖြစ်ကာ ပရိသတ်တ​ွေကတော့ သူ့ ပြောဆိုမှုကို သဘောကျနေခဲ့ကြပါတယ်။ 

လီဝန်ဒေါစကီး မဆွတ်ခူးနိုင်ခဲ့တဲ့အပေါ်မှာ ပရိသတ်တော်တော်များများကလည်း မကျေမနပ်ဖြစ်နေခဲ့ကြပြီး ဆုရွေးချယ်ရေးအဖွဲ့ကို အပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ကာယကံရှင်ကိုယ်တိုင်ကလည်း သူ မရရှိခဲ့တဲ့အပေါ်မှာ ဒေါသထွက်နေခဲ့ပြီး လက်ရှိအချိန်ထိမမေ့နိုင်သေးဘူးဆိုတာကို သူ့ရဲ့ပြောစကားအရ သိနိုင်မှာဖြစ်ပါတယ်။ 

လီဝန်ဒေါစကီးဟာ ၂၀၂၁ မှာလည်း ဆုရရှိဖို့ ရေပန်းစားခဲ့ပေမယ့် ကိုပါအမေရိကဖလားကို အာဂျင်တီးနားဆွတ်ခူးနိုင်ခဲ့နောက် လီယွန်နယ်မက်ဆီက ၇ ကြိမ်မြောက်အဖြစ် ရရှိသွားခဲ့လို့ နောက်ကောက်ချခံခဲ့ရပြန်ပါတယ်။ 

Share

Loading Next Article...
က္က