ပွဲမပြီးခင်မှာတည်းက နှစ်ယောက်သား စကားပြောနေခဲ့တာပါ။

ယူနိုက်တက်နဲ့ချဲလ်ဆီးတို့ရဲ့ ပွဲကစားချိန် (၇၆) မိနစ်မှာတော့ ရော်နယ်ဒိုနဲ့ရီစီဂျိမ်းစ်တို့ နှစ်ယောက်အကြား ရင်းရင်းနှီးနှိး စကားပြောနေတာကို ရုပ်သံကင်မရာတွေက အမိအရရိုက်ပြခဲ့ပါတယ်။ ဒီအချိန်က တဖက်တဂိုးစီ သရေကျနေချိန်ဖြစ်ပြီး ဒီရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။



ချဲလ်ဆီးအတွက် အလွန်ဆိုရဲ့အဖွင့်ဂိုးက ရီစီဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကတဆင့် မြစ်ဖျားခံခဲ့ပြီး ယူနိုက်တက်အတွက် ချေပဂိုးကိုလည်း ရော်နယ်ဒိုက မာတစ်ရဲ့ပေးပို့မှုကတဆင့် ဘောလုံးကို လှလှပပတချက်ထိန်း၊ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရီစီဂျိမ်းစ်က ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားလို့တောင် သတ်မှတ်လို့ရခဲ့ပါတယ်။

အဆိုပါ အင်္ဂလန်လူမျိုးကြယ်ပွင့်ဟာ ယူနိုက်တက်နဲ့ပွဲမှာ ဘောလုံးထိချက်အများဆုံး၊ ဖြတ်တင်ဘောပေးပို့မှု အများဆုံးနဲ့ ဘောလုံးလုယူနိုင်မှု အများဆုံး ကစားသမားဖြစ်တယ်လို့ အချက်အလက်မှတ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ (၇၆) မိနစ်မှာတော့ ရော်နယ်ဒိုနဲ့ရီစီဂျိမ်းစ်တို့ နှစ်ယောက် တီးတိုးစကားကပ်ပြောနေခဲ့ပါတယ်။



ဒါဟာ ရီစီဂျိမ်းစ်အနေနဲ့ ပွဲအပြီးမှာ ရော်နယ်ဒိုရဲ့ဂျာစီကို တောင်းခံတာဖြစ်တယ်လို့ ပရိသတ်တွေက ယူဆနေပြီး ရော်နယ်ဒိုအနေနဲ့လည်း ရီစီဂျိမ်းစ်ရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ပုံရပါတယ်။ ရီစီဂျိမ်းစ်ဟာ အချိန်တိုအတွင်းမှာပဲ ချဲလ်ဆီးညာခြမ်းအတွက် အားကိုးရတဲ့ ကစားသမားဖြစ်လာခဲ့တာပါ။

သုံးယောက်တန်းခံစစ်အတွက် ညာခြမ်းဗဟိုနောက်ခံလူနေရာမှာ ကစားနိုင်သလို Wing Back နေရာမှာလည်း ရီစီဂျိမ်းစ်က အတက်အဆင်းမှန်မှန်နဲ့ အကောင်းဆုံး ကစားပြနိုင်ပါတယ်။ အထူးသဖြင့် ဂိုးသွင်းစွမ်းရည်ပါ ကောင်းမွန်တဲ့ ဒီကစားသမားက နာမည်ကျော်တွေရဲ့ ချီးကျူးမှုတွေနဲ့လည်း ထိုက်တန်ကြောင်း ပြသလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ချဲလ်ဆီးတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အပြီးမှာလည်း ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံမှာ ခြေစွမ်းပြကစားနေတဲ့ ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာက ရီစီဂျိမ်းစ်ကို ဂျာစီချင်းလဲလှယ်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က