ဒီပွဲက ယူနိုက်တက်အကြောင်းကိုပြောရမယ်ဆိုရင်တော့ ပထမပိုင်းနဲ့ဒုတိယပိုင်းက လုံးဝကိုဆီနဲ့ရေလို သပ်သပ်စီ ကွဲပြားခြားနားခဲ့တယ်လို့ဆိုရင် မလွန်ပါဘူး။
ယူနိုက်တက်နည်းပြဆိုးလ်ရှားက နည်းနည်းလေးမကွန့်ရရင် မနေနိုင်ဆိုသလို ပေါ့ဘာ၊ ဆန်ချိုတို့ကို အရံခုံထိုင်ခိုင်းခဲ့ပြီး တွမ်မီနေး၊ ဖရက်ဒ်၊ ရပ်ရှ်ဖို့ဒ်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။ နောက်တန်းမှာ ဗာရန်းမပါတာကလွဲရင် ဘစ်ဆာကာ၊ မက်ဂွိုင်းရား၊ လင်ဒီလော့ဖ်၊ လုခ်ရှောတို့နဲ့ လူစုံခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ရော်နယ်ဒိုတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။
အတ္တလန်တာကလည်း ဂိုဆင်စ်၊ တိုလွိုင်း၊ ပက်ဆီနာတို့ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ဒီမီရယ်လ်၊ မက်ဟီလီ၊ ဇာပါကော်စတာ၊ ပါဆာလစ်၊ မူရီယယ်၊ အီလီချစ်တို့နဲ့ ပွဲထွက်လာခဲ့တာပါ။
အတ္တလန်တာက ကစားပုံပိုမိုထိရောက်ခဲ့တယ်လို့ဆိုနိုင်ပြီး ယူနိုက်တက်က ဂရင်းဝုဒ်ခြေစွမ်းပျောက်ဆုံးနေသလို ဘရူနိုဖာနန်ဒက်စ်လည်း ရုန်းကန်ခဲ့ရပါတယ်။ ပွဲကစားချိန် (၁၅) မိနစ်မှာတော့ ယူနိုက်တက်တို့ ဂိုးစပေးရပြီး ဇာပါကော်စတာရဲ့ဖြတ်တင်ဘောကို ပါဆာလစ်က အလိုက်သင့်ပိတ်သွင်းခဲ့တာပါ။
ဒီဂိုးမှာလည်း ထုံးစံအတိုင်း ယူနိုက်တက်နောက်တန်းက နေရာယူပုံတွေက အားနည်းချက်တွေ၊ ပေါ့ဆမှုတွေရှိခဲ့ပြီး အတ္တလန်တာကတော့ ရိုးရှင်းတဲ့သွင်းဂိုးတစ်ဂိုးကို ရရှိခဲ့တာဆိုလည်း မမှားပါဘူး။ ပထမပိုင်းမှာ ယူနိုက်တက်ရဲ့အနေအထားက ကွင်းထဲမှာ ဘယ်သူကအားနည်းပါတယ်ဆိုပြီး ကွက်ပြောဖို့ထက် တစ်သင်းလုံးက အားနည်းချက်ကိုယ်စီနဲ့ ပွဲတစ်ပွဲကို ကစားဖို့ ထွက်လာကြသလိုပါပဲ။
ချေပဂိုးပြန်ရဖို့ တစ်ကြိမ်နီးစပ်ခဲ့သေးပေမယ့် ဖရက်ဒ်ရဲ့ကန်ချက်ကို အတ္တလန်တာဂိုးသမား လက်စွမ်းပြကာကွယ်ခဲ့တာကြောင့် ယူနိုက်တက်တို့ နစ်နာခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး ယူနိုက်တက် ကစားပုံက ရည်ရွယ်ချက်မရှိဘဲ ဆင်ကန်းတောတိုးပုံစံမျိုးတွေ ကစားနေတာပါ။
(၂၈) မိနစ်မှာ ယူနိုက်တက်တို့ ဂိုးထပ်ပေးခဲ့ရပြီး ထုံးစံအတိုင်း ထောင့်ကန်ဘောကနေ ဒီမီရယ်လ်က ခေါင်းတိုက်သွင်းသွားခဲ့ပါတယ်။ ဒီဂိုးမှာ ဒီမီရယ်လ် Marking လွတ်နေသလို ဒီမီရယ်လ်ရဲ့ခေါင်းတိုက်ချက်ကို ဝင်တားဖို့ ကြိုးစားခဲ့တဲ့ မက်ဂွိုင်းရားရဲ့ပုံစံကလည်း ရုပ်ပျက်လွန်းပါတယ်။
ဖရက်ဒ်၊ ရပ်ရှ်ဖို့ဒ်တို့ အခွင့်အရေးတွေရခဲ့ပေမယ့် ရော်နယ်ဒိုဆီ မခင်းပေးခဲ့သလို ဂိုးပေါက်လည်းမတည့်ခဲ့ပါဘူး။ ဒုတိယပိုင်းစစချင်း ရော်နယ်ဒို အပိုင်အခွင့်အရေးကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပေမယ့် (၅၂) မိနစ်မှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ ရပ်ရှ်ဖို့ဒ် ယူနိုက်တက်အတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။
ယူနိုက်တက်တို့ ဒုတိယပိုင်းမှာ ကစားအားတော်တော်တက်လာခဲ့သလို ချေပဂိုးရပြီးပြီးချင်းမှာလည်း အတ္တလန်တာ ကစားသမားတွေ (၂) မိနစ်အတွင်း (၃) ယောက်ဆက်တိုက် အဝါကတ်ထိခဲ့ပါတယ်။ တွမ်မီနေးရဲ့ အနီးကပ်ပိတ်သွင်းချက် တိုင်ထိထွက်ခဲ့တာနစ်နာသလို ရော်နယ်ဒိုရဲ့ကန်ချက်ကိုလည်း အတ္တလန်တာဂိုးသမား မက်ဆို ထပ်မံကာကွယ်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်က ပေါ့ဘာ၊ ကာဗာနီ၊ ဆန်ချိုတို့နဲ့ တိုက်စစ်ထပ်မြှင့်ခဲ့သလို အတ္တလန်တာကလည်း ယူနိုက်တက်ကို ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး ဒီဂီယာလက်စွမ်းပြနိုင်ခဲ့တာကြောင့်သာ ယူနိုက်တက်တို့ ဂိုးထပ်မပေးခဲ့ရတာပါ။
ပွဲကစားချိန် (၇၅) မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယချေပဂိုးရခဲ့ပြီး မက်ဂွိုင်းရားက သွင်းယူခဲ့ပါတယ်။ ချေပဂိုးတစ်ဂိုး ပြန်ရထားပြီးတည်းက စိတ်ဓာတ်ပိုင်းအသာစီးပြန်ရပြီး ဆက်တိုက် တိုက်စစ်ဆင်လာတဲ့ ယူနိုက်တက်ရဲ့ ထိုးဖောက်မှုတွေကို အတ္တလန်တာတို့ တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ ပွဲကစားချိန် မိနစ် (၈၀) မှာတော့ လုခ်ရှောရဲ့ ဖြတ်တင်ပေးပို့မှုကို ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ အနိုင်ဂိုးကို ထိန်းကစားခဲ့ပြီး ချန်ပီယံလိဂ်အိမ်ကွင်းနှစ်ပွဲဆက်ကို နောက်ကလိုက်ကစားရင်း အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားဘဝ ပွဲပေါင်း (၃၀၀) ပြည့်ခဲ့တဲ့ ရော်နယ်ဒိုကလည်း ဒီပွဲမှာဂိုးသွင်းနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်မှာ မတူညီတဲ့ အသင်းပေါင်း (၃၈) သင်းကို ဂိုးသွင်းယူထားတဲ့ ကစားသမားအဖြစ် အားလုံးရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။