တနင်္ဂနွေနေ့ညမှာ ကစားဖို့ စီစဉ်ထားခဲ့တဲ့ မာဆေးလ်နဲ့ လိုင်ယွန်တို့ရဲ့ ပြင်သစ်လီဂူးပွဲစဥ်ကတော့ ပွဲမတိုင်ခင် ဖြစ်ပွားခဲ့တဲ့ ရုပ်ဆိုးအကျည်းတန်မှုတွေကြောင့် ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒီနှစ်သင်းဟာ ပြင်သစ်မြေမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းနှစ်သင်းလည်း ဖြစ်ပါတယ်။
ဒီပွဲကို ကစားဖို့အတွက် လိုင်ယွန်အသင်းသားတွေ စီးနင်းလိုက်ပါလာခဲ့တဲ့ ဘတ်စ်ကားဟာ လမ်းခရီးမှာ မာဆေးလ်ပရိသတ်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ မာဆေးလ်ပရိသတ်တွေဟာ အုတ်နီခဲတွေ၊ ကျောက်ခဲတွေနဲ့ လိုင်ယွန်အသင်းရဲ့ ဘတ်စ်ကားကို ပစ်ပေါက်ခဲ့ကြပြီး ကားမှန်တွေလည်း ကွဲသွားခဲ့ပါတယ်။
ပိုဆိုးတဲ့အချက်ကတော့ ဒီတိုက်ခိုက်မှုမှာ လိုင်ယွန်နည်းပြ ဖေဘီယိုဂရော့ဆိုပါ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တာပါ။ မာဆေးလ်ပရိသတ်တွေ ပစ်ပေါက်ခဲ့တဲ့ အရာဝတ္ထုတွေက ဂရော့ဆိုကို ထိမှန်ခဲ့ပြီး မျက်စိနားတစ်ဝိုက်ကို ထိခိုက်ခဲ့ကာ သွေးတွေအများအပြား ထွက်နေတာကိုလည်း ရုပ်သံမှတ်တမ်းတွေအရ မြင်တွေ့ခဲ့ရပါတယ်။
အဲ့ဒါကြောင့်လည်း ဂရော့ဆိုကို ဆေးကုသမှုပေးခဲ့ရပြီး နောက်ဆုံးမှာတော့ ပွဲကိုပါ ရွှေ့ဆိုင်းခဲ့ရတာပါ။ ကျောက်ခဲတွေ၊ အုတ်နီခဲတွေဟာ ကားမှန်တွေကို ထိခဲ့တာကြောင့် အဆိုပါမှန်ကွဲစတွေကတစ်ဆင့် ဂရော့ဆိုတစ်ယောက် ဒီလိုမျိုး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဂရော့ဆိုရဲ့ လက်ထောက် လွန်ဂိုကလည်း မှန်ကွဲစတွေကြောင့် မျက်လုံးနားတစ်ဝိုက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ လိုင်ယွန်ကစားသမားတွေဟာလည်း အသင်းဘတ်စ်ကားပေါ်ကနေ ဆင်းလာချိန်မှာ တုန်လှုပ်ချောက်ချားနေကြပြီး အဲ့ဒီနောက်မှာတော့ ပွဲကို ရွှေ့ဆိုင်းခဲ့ရသလို မာဆေးလ်ကိုလည်း အရေးယူသွားမယ်လို့ သိရှိရပါတယ်။