မထိရောက်တဲ့လုပ်ရပ်တွေအတွက် လူကာကူက စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာပါ။
ချဲလ်ဆီးတိုက်စစ်မှူး လူကာကူက လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး “Black Lives Matter” အဖြစ် ပရီးမီးယားလိဂ်ပွဲစဥ်တွေမစခင် ဒူးထောက်တဲ့ အစီအစဥ်က ထိရောက်မှုရှိရဲ့လားလို့ မေးခွန်းထုတ် ဝေဖန်လိုက်ပါတယ်။


အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်ဒ်ရဲ့လည်ပင်းကို ရဲအရာရှိတစ်ယောက်က အခုလိုမျိုး ဒူးနဲ့ထောက်ပြီး အကြမ်းဖက် ဖမ်းဆီးခဲ့တာကြောင့် ဂျော့ချ်ဖလွိုက်ဒ်ကွယ်လွန်ခဲ့တဲ့နောက် ဘောလုံးလောကမှာပါ အခုလိုမျိုး ပွဲမစခင် ဒူးထောက်တဲ့ အစီအစဥ်ကို ပြုလုပ်လာခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ်က အချို့သောကစားသမားတွေက ဒီအစီအစဥ်မှာ ပူးပေါင်းခြင်းမရှိတော့ဘဲ လက်ရှိအချိန်မှာ ချဲလ်ဆီးရဲ့ လူမည်းကစားသမား လူကာကူကလည်း ဒီအပေါ်မှာ မေးခွန်းထုတ်ဝေဖန်ခဲ့ပါတယ်။


လူကာကူက “အခြေခံအားဖြင့်တော့ ကျွန်တော်တို့ ပိုမိုကောင်းမွန်တဲ့ အနေအထားတစ်ခုကို ရောက်လာနိုင်တယ်လို့ ထင်ပါတယ်။ ဟုတ်ပါပြီ။ ကျွန်တော်တို့ ကွင်းထဲမှာ ဒူးတွေထောက်ကြတယ်။ လူတိုင်းကလည်း လက်ခုပ်တွေတီးကြတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ ပွဲပြီးသွားတဲ့အချိန်မှာ တစ်ခါတလေ နောက်ထပ် လူမျိုးရေးခွဲခြားမှုတွေနဲ့ကြုံရပြန်တာပါပဲ။” လို့ CNN သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။


လူမျိုးရေးခွဲခြားမှုဟာ ဘောလုံးလောကမှာ အမြစ်ဖြတ်ဖို့ခက်ခဲတဲ့ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပြီး ပရိသတ်တွေကလည်း ကိုယ်အားပေးတဲ့အသင်းက ကစားသမားကို မကျေမနပ်ဖြစ်လာတဲ့အခါမှာ လူမျိုးရေးခွဲခြားမှုတွေ ပြန်လည်ပြုလုပ်လေ့ရှိတဲ့အထိကို အခြေအနေတွေဆိုးရွားနေတာပါ။ ပြီးခဲ့တဲ့ ယူရို- ၂၀၂၀ ဗိုလ်လုပွဲမှာ အင်္ဂလန်ပရိသတ်တွေဟာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်နဲ့ဆာကာတို့လို လူမည်းကစားသမားတွေကို လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာလည်း လူမည်းကစားသမားတွေဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား ဇာဟာ၊ တန်းတက်ဘရန့်ဖို့ဒ်ရဲ့ တိုက်စစ်မှူး အိုင်ဗန်တိုနေးတို့က ပွဲမစခင် ဒူးထောက်တဲ့အစီအစဥ်မှာ ပါဝင်ပူးပေါင်းခြင်းမရှိတော့ပါဘူး။ တိုနေးကလည်း ကစားသမားတွေဟာ ဒူးထောက်ဖို့အတွက် ရုပ်သေးရုပ်လိုမျိုး ခိုင်းစေခံနေရတာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။


လူကာကူရဲ့အသင်းဖော် မားကို့စ်အလွန်ဆိုကလည်း ဒီလိုမျိုးပွဲမစခင်မှာ ဒူးထောက်တဲ့ အစီအစဥ်မှာ ပူးပေါင်းပါဝင်တော့မှာမဟုတ်ဘူးလို့ ယတိပြတ်ပြောကြားခဲ့ပြီးဖြစ်တာကြောင့် ဒီအစီအစဥ်က အမှန်တကယ် အလုပ်ဖြစ်ရဲ့လားဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ 

Share

က္က