လူတန်နောက်ခံလူ မန်ဂီဟာ စနေနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲမတိုင်ခင် ယူနိုက်တက် အဝတ်လဲခန်းထဲ မှားယွင်းဝင်ရောက်မိမလို ဖြစ်ခဲ့ရပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်က လင်ဒီလော့ဖ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မန်ဂီကလည်း ဒီပွဲမှာ ပါဝင်ကစားခဲ့ပြီး သူက ယူနိုက်တက် ကစားသမားဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ အသင်းအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ယူနိုက်တက်မှာ (၁၄) နှစ်ကြာအောင် ရှိခဲ့တဲ့ ကစားသမားပါ။
စနေနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ပွဲမတိုင်ခင်မှာ မန်ဂီက ကွင်းလုံခြုံရေးနဲ့ လက်ဆွဲနှုတ်ဆက်ပြီးနောက် ယူနိုက်တက်ကစားသမားတွေ အသုံးပြုတဲ့ အဝတ်လဲခန်းထဲကို ဝင်သွားခဲ့မိတာဖြစ်ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ သူက နောက်ပြန်လှည့်ခဲ့ပြီး လူတန်ကစားသမားတွေအတွက် စီစဉ်ပေးထားတဲ့ အဝတ်လဲခန်းထဲကိုသာ ဝင်သွားခဲ့တာပါ။
အဲ့ဒါကြောင့်လည်း မန်ဂီတစ်ယောက် ယူနိုက်တက် ကစားသမားမဟုတ်တော့တာကို မေ့ပြီး အခုလိုမျိုး အဝတ်လဲခန်းထဲ မှားဝင်မိခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့ အိမ်ရှင် ကစားသမားတွေရဲ့ အဝတ်လဲခန်းထဲကနေ ပြန်ထွက်ပြီး ဧည့်သည်အသင်းအတွက် စီစဉ်ပေးထားတဲ့ အဝတ်လဲခန်းထဲကို ပြန်ဝင်သွားခဲ့ကြောင်း သိရှိရပါတယ်။
မန်ဂီဟာ ယူနိုက်တက်နဲ့ပွဲမတိုင်ခင်မှာ အသင်းဟောင်းကို ဒုက္ခပေးသွားမယ်လို့ ဆိုခဲ့ပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ ယူနိုက်တက်က လင်ဒီလော့ဖ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးကြောင့် တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လူတန်ဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးနဲ့ အိမ်ကွင်းပွဲမှာတော့ တစ်ဂိုးစီသရေကျအောင် ကစားနိုင်ခဲ့ပါတယ်။