မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဥ်မှာတော့ အာဆင်နယ်က နောက်ခံလူ ဟိုးလ်ဒင်း ပထမပိုင်းမှာတင် နှစ်ဝါတနီနဲ့ အထုတ်ခံရမှုနဲ့အတူ အဝေးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ စပါးအတွက် ဂိုးတွေကို ဟာရီကိန်းက နှစ်ဂိုး၊ ဆွန်ဟောင်မင်က တဂိုးသွင်းယူပေးခဲ့တာပါ။
ဒီပွဲမှာ ကွင်းလယ်ဒိုင်ပေါလ်တီယာနေးရဲ့ ဆုံးဖြတ်ချက်တွေက အငြင်းပွားစရာရှိခဲ့တယ်လို့ အာဆင်နယ်ဘက်တော်သားတွေက ဝေဖန်နေကြပါတယ်။ ဒါပေမယ့်လည်း ပွဲရလဒ်ကတော့ စပါးအနိုင်နဲ့သာ ပြီးဆုံးခဲ့ပြီး အာဆင်နယ်နဲ့စပါးအကြား တမှတ်သာ ကွာဟပါတော့တယ်။
အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် (၄) နေရာမှာ ရပ်တည်နေဆဲဖြစ်ပေမယ့် လက်ကျန်နှစ်ပွဲမှာ အမှတ်လျော့လို့မရတော့ပါဘူး။ ဒါ့အပြင် အခု ကစားသွားတဲ့ စပါးနဲ့အာဆင်နယ်ပွဲမတိုင်ခင်မှာ စိတ်ဝင်စားဖွယ်ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒါကတော့ စပါးပရိသတ်တယောက်ကို အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်နဲ့ နောက်ခံလူ ဘန်ဝှိုက်တို့ လှောင်ပြောင်ရယ်မောသွားခဲ့တာပါ။
ပွဲမစခင် နာရီပေါင်းများစွာအလိုတည်းက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ စပါးကွင်းထဲကို ရောက်ရှိနေတဲ့ ဒီကစားသမားနှစ်ယောက် အဝတ်လဲခန်းအထဲအသွားမှာ ကွင်းထဲကို စောစောစီးစီးပဲ ရောက်ရှိနေတဲ့ စပါးပရိသတ်က “ထွက်ပြေးတဲ့ကောင်တွေကိုကြည့်လိုက်ရင် ဂန်းနားတွေချည်းပဲ (အာဆင်နယ်ဘက်တော်သားတွေကို ရည်ရွယ်သည်)” လို့ အော်ဟစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီတည်းက စပါးနဲ့အာဆင်နယ်ပွဲကို ကစားဖို့ စီစဥ်ခဲ့ပေမယ့် အာဆင်နယ်က ကိုဗစ်ပြဿနာအကြောင်းပြပြီး ပွဲကို ရွှေ့ဆိုင်းခဲ့ပါတယ်။
အဲ့ဒီအပေါ်မှာ စပါးဘက်က အကြီးအကျယ်ပေါက်ကွဲခဲ့ပြီး အာဆင်နယ်ရဲ့လုပ်ရပ်ကို အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း စပါးပရိသတ်က အခုလိုမျိုးပဲ အာဆင်နယ်ကစားသမားနှစ်ယောက်ကို အော်ဟစ်လှောင်ပြောင်ခဲ့ပါတယ်။ ဒါပေမယ့် ရမ်စ်ဒေးလ်နဲ့ဘန်ဝှိုက်တို့ကတော့ ဒီပရိသတ်ကို ဂရုမစိုက်ဟန်နဲ့ ဟားတိုက်ရင်း သူတို့လိုရာကို ဆက်သွားခဲ့ပါတယ်။
ဒါပေမယ့် တကယ့်ပွဲပြီးဆုံးချိန်မှာတော့ ရမ်စ်ဒေးလ်တယောက် သုံးဂိုးအသွင်းခံလိုက်ရပြီး အာဆင်နယ်ကလည်း အခုလိုမျိုးပဲ ဂိုးပြတ်ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားဝင်သွားခဲ့ရပါတယ်။