အင်တာနဲ့ပွဲကြီးပွဲကောင်းကို မော်ရင်ဟိုက ကားပေါ်ကနေ ကြည့်ခဲ့ရတာပါ။

ရိုးမားနည်းပြမော်ရင်ဟိုဟာ မနေ့ညက ကစားခဲ့တဲ့ အင်တာမီလန်နဲ့ စီးရီးအေပွဲစဥ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့်မရရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ အတ္တလန်တာနဲ့ပွဲမှာ မော်ရင်ဟိုက ကွင်းလယ်ဒိုင်ကို ကွင်းအတွင်းထိ ဝင်ရောက်ကျူးကျော်ပြီး စောဒကတက်ခဲ့တာကြောင့် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။



အဲ့ဒါကြောင့်လည်း မီလန်မြို့မှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ မော်ရင်ဟိုတယောက် ကွင်းအတွင်း ကြီးကြပ်ခွင့်ဆုံးရှုံးခဲ့ရပြီး အသင်းရဲ့အလုံပိတ်ကားတစီးပေါ်ကနေပဲ အင်တာမီလန်နဲ့ ရိုးမားပွဲကို ကြည့်ရှုခဲ့ရပါတယ်။ မော်ရင်ဟိုဟာ နည်းစနစ်ပိုင်း စာရွက်စာတမ်း အစုံအလင်နဲ့ ဆန်စီရိုကွင်းပြင်ပက ကားပေါ်မှာ ကြည့်ရှုနေခဲ့တာဖြစ်ပြီး ရိုးမားအသင်းဝန်ထမ်းတွေကလည်း လိုအပ်တာတွေကို ပံ့ပိုးကူညီပေးထားခဲ့ပါတယ်။


ဒီလိုမျိုး ကြည့်ရှုနေတဲ့ပုံရိပ်တွေကို မော်ရင်ဟိုက သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ မျှဝေထားခဲ့ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုက “ငါ ဒီမှာ ဆက်နေရင် သေလိမ့်မယ်” ဆိုပြီးတော့လည်း ကားပေါ်ကနေ ဘောလုံးပွဲကြည့်ရတဲ့အပေါ် ပြောဆိုခဲ့ပါသေးတယ်။ ဒီပွဲမှာတော့ ရိုးမားက အင်တာမီလန်ကို အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ကစားသွားနိုင်ခဲ့ပြီး နိုင်ပွဲ ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ အင်တာမီလန်က ဒီမာကိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒီဘားလား၊ စမောလင်းတို့က ရိုးမားအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ကိုယ်စီ သွင်းယူပေးခဲ့ကြပါတယ်။ ပွဲအပြီးမှာလည်း မော်ရင်ဟိုက အဆိုပါကားဘေးနားမှာပဲ အသင်းဝန်ထမ်းတွေနဲ့အတူ အောင်ပွဲခံခဲ့ကာ “ကောင်းကောင်းလုပ်နိုင်ခဲ့တယ် ကိုယ့်လူတို့၊ သိပ်ကောင်းတဲ့ပွဲပဲ” လို့ ပြောဆို အောင်ပွဲခံပြီး အတူတကွ ဓာတ်ပုံရိုက်ခံခဲ့ကြပါတယ်။



မော်ရင်ဟိုတယောက် စီးရီးအေမှာ ဒီလိုမျိုး ကြုံတွေ့ရတာက အခုမှ ပထမဆုံးမဟုတ်ပါဘူး။ ဒီ (၂၀၂၂) အတွင်းမှာတင် မော်ရင်ဟိုအနေနဲ့ ကားပေါ်ကနေ ဒုတိယအကြိမ်မြောက် ဘောလုံးပွဲကြည့်ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီအတွင်းမှာလည်း ပွဲပယ်ထိခဲ့တာကြောင့် ပွဲအပြီးမှ ပြိုင်ဘက်ကွင်းအပြင်မှာ အစားအသောက်တွေ စားသုံးနေတဲ့ပုံတွေကို ပရိသတ်တွေဆီ မျှဝေပေးခဲ့ဖူးပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က