မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် လာမယ့်ရာသီအစ စီးရီးအေမှာ (၁၀) ရက်ကြာ ပွဲပယ်ခံရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ပြီးခဲ့တဲ့ရာသီက မွန်ဇာနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ စီးရီးအေပွဲမှာ မော်ရင်ဟိုက ကွင်းလယ်ဒိုင် ဒန်နီလစ်ချစ်ဖ်ဖီကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။
ချစ်ဖ်ဖီကို မော်ရင်ဟိုက “မြင်တွေ့ဖူးသမျှထဲမှာ အဆိုးရွားဆုံး ကွင်းလယ်ဒိုင်” အဖြစ် ပြင်းပြင်းထန်ထန် သမုတ်ခဲ့သလို အဆိုပါပွဲမှာ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက်လည်း မိုက်ကရိုဖုန်းကို တစ်ချိန်လုံး တပ်ဆင်ထားခဲ့တယ်လို့လည်း မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် မော်ရင်ဟိုကို စီးရီးအေဘောလုံးအဖွဲ့ချုပ်က ရာသီအစ (၁၀) ရက်တာအတွက် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မော်ရင်ဟိုကို ပွဲပယ်ပြစ်ဒဏ်သာမက ဒဏ်ကြေးငွေ ပေါင် (၄၃,၀၀၀) ပေးဆောင်ဖို့အတွက်ပါ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ မော်ရင်ဟိုဟာ စီးရီးအေမှာ အခုလိုမျိုးပဲ မကြာခဏဆိုသလို ကွင်းထဲမှာ ဒိုင်လူကြီးတွေနဲ့ ပြဿနာတက်နေတာကြောင့် အဝါကတ်၊ အနီကတ်တွေ ပြသခံနေရသလို ပွဲပယ်ပြစ်ဒဏ်တွေလည်း မကြာခဏ ချမှတ်ခံနေရပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း မော်ရင်ဟိုက ကွင်းလယ်ဒိုင် အန်သိုနီတေလာကို ပွဲအပြီး ကားပါကင်မှာ စောင့်ဆိုင်းပြီး “အရှက်မရှိတဲ့ကောင်” အဖြစ် ပြောဆိုခဲ့ပါသေးတယ်။ အဲ့ဒီလုပ်ရပ်ကြောင့်ပဲ မော်ရင်ဟိုကို ယူအီးအက်ဖ်အေက လာမယ့်ရာသီ ဥရောပပွဲ (၄) ပွဲပယ် ပြစ်ဒဏ် ချမှတ်ထားကြောင်း သိရှိရပါတယ်။
အခုလိုမျိုး ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး မကြာခင်မှာတင် မော်ရင်ဟိုတစ်ယောက် စီးရီးအေမှာလည်း သူ့ရဲ့ ပြီးခဲ့တဲ့ရာသီက လုပ်ရပ်ကြောင့် ရာသီစတင်တဲ့ရက်ကနေ (၁၀) ရက်အထိ ပွဲပယ်ခံရဦးမှာ ဖြစ်ပါတယ်။ မော်ရင်ဟိုကတော့ ဒီလိုမျိုးတွေ မကြာခဏ ပြဿနာတက်နေပေမယ့်လည်း သူ့ရဲ့ပုံစံကို ပြောင်းလဲသွားဖို့ မရှိဘဲ လာမယ့်ရာသီ စီးရီးအေမှာလည်း ဒိုင်လူကြီးတွေရဲ့ ပစ်မှတ်နည်းပြအဖြစ် ရှိနေဦးမှာပါ။