မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ အဲလန်း ရုဒ်မှာ ၎င်းရဲ့ အသင်းက ထိန်းချုပ်ထားနိုင်ခဲ့တာနဲ့ဆန့်ကျင်ဘက် လုပ်ရပ်ကို လုပ်ဆောင်ခဲ့ပြီး စိတ်ပျက်မှုကို မထိန်းချုပ်နိုင်ခဲ့ဘဲ မျက်စိရှေ့တွေ့တဲ့ ရေသန့်ဗူးကို ပြိုင်ဘက် အရန်ခုံတန်းဘက်ကို ကန်ထုတ်မိခဲ့ပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာဟာ လိဒ်စ်ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ပွဲကစားချိန် ပြီးဆုံးခါနီး ၈ မိနစ်အလိုမှာ ရရှိခဲ့တဲ့ ဂိုးသွင်းခွင့် လွဲချော်ခဲ့တာကို မြက်ခင်းပြင်ပေါ်မှာ ရှိနေတဲ့ ရေသန့်ဗူးကို ဒေါသတကြီး ကန်ထုတ်ပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြရဲ့ ကန်ချက်က တော်တော်လေး ကောင်းမွန်ခဲ့တယ်ပြောရမှာဖြစ်ပြီး အိမ်ရှင်နည်းပြအဖွဲ့ဝင်တွေထိုင်နေတဲ့ ခုံတန်းဆီ တန်းတန်းမတ်မတ် ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ ဂွါဒီယိုလာဟာ ထိတ်လန့်မှုကြောင့် မျက်လုံးပြူးသွားခဲ့ပြီး ခေါင်းကို လက်နဲ့ အုပ်ပြီး လိဒ်စ်ယူနိုက်တက်အသင်းနည်းပြအဖွဲ့ကို မတော်တဆ ပြုလုပ်မိခဲ့တာဖြစ်တဲ့အကြောင်း ချက်ချင်းပဲ အပြေးအလွှား သွားရောက်တောင်းပန်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ ညာခြေဟာ ဘာစီလိုနာအသင်းအတွက် ကစားပေးခဲ့တဲ့ ကစားသမားဘဝတုန်းကလို မဟုတ်တော့ပုံပေါ်ပြီး လိဒ်စ်ယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေအားလုံးဟာ မတော်တဆဆိုတာ နားလည်ပြီး ခွင့်လွှတ်ပေးခဲ့ကြတာဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ ပလတ်စတစ်ရေသန့်ဗူးကို မကန်ခင်မှာ ၎င်းရဲ့အသင်းက လွှမ်းမိုးချုပ်ကိုင်ထားနိုင်ပေမယ့်လည်း ဒေါသတကြီးနဲ့ ရေသန့်ဗူးတစ်ဗူးကို မြေကြီးပေါ် လွှင့်ပစ်ခဲ့သေးတာဖြစ်ပါတယ်။