မြန်မာအမျိုးသမီးအသင်းရဲ့ ဆီးဂိမ်းအုပ်စုအဖွင့်ပွဲကိုတော့ ဒီနေ့ည ၇း၃၀ နာရီမှာ ဖိလစ်ပိုင်နဲ့ကစားခဲ့ပါတယ်။ ဒီဘက်နှစ်တွေမှာ တဖြည်းဖြည်းနဲ့ ကျဆင်းလာတဲ့ မြန်မာအသင်းဟာ ဖိလစ်ပိုင်ကိုလည်း အသည်းအသန်ကစားခဲ့ရပြီး အခွင့်အရေးအနည်းငယ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂိုးရဖို့အလှမ်းဝေးခဲ့ကာ ပွဲပြီးခါနိးရတဲ့ ပင်နယ်တီကြောင့် ကံကောင်းခဲ့ရပါတယ်။
မြန်မာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုးတော့ လုပ်နိုင်စွမ်း နည်းပါးခဲ့ပါတယ်။ ပထမပိုင်းမှာ ဖိလစ်ပိုင်ရဲ့ အလွတ်တည်ကန်ဘောက ဂိုးရဖို့ တော်တော်လေးနီးစပ်ခဲ့ပြီး ဂိုးတိုင်ဘေးက ကပ်ထွက်သွားခဲ့လို့သာ သက်သာခဲ့ရတာပါ။ ဖိလစ်ပိုင်ကစားသမားတွေက လူကောင်ကြီးမားပြီး လျင်မြန်မှုပိုင်းမှာလည်း သာလွန်နေခဲ့လို့ မြန်မာတို့ ခက်ခက်ခဲခဲထိုးဖောက်ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ မြန်မာက ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပြီး အပိုင်အခွင့်အရေးတကြိမ်ရပေမယ့် တုံ့ဆိုင်းနေခဲ့လို့ လက်လွှတ်ခဲ့ရပြီး ထောင့်ကန်ဘောနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဆိုပါထောင့်ကန်ဘောကနေ ဂိုးရမယ့် အခွင့်အရေးထပ်ရခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ ကံဆိုးခဲ့ရကာ အနိုင်ဂိုးလက်လွှတ်ခဲ့ရပါတယ်။
ပွဲချိန် ၈၇ မှာတော့ မြန်မာတို့ ပင်နယ်တီရရှိခဲ့ပြီး ဒီအခွင့်အရေးကို အပိုင်အသုံးချနိုင်ခဲ့လို့ အဖိုးတန်အနိုင်ဂိုးရရှိသွားခဲ့ကာ ၁-၀ နဲ့ ဖိလစ်ပိုင်ကို အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီခြေစွမ်းအရကတော့ မြန်မာအနေနဲ့ ဆီမီးဖိုင်နယ်တက်ခဲ့ရင်တောင် တဖက်က တက်လာမယ့် ထိုင်းနဲ့ ဗီယက်နမ်ကို အနိုင်ရဖို့ဆိုတာက ဘယ်လိုမှကို မလွယ်ကူပါဘူး။ ဒါကြောင့် ဒီတကြိမ်လည်း ဆီးဂိမ်းရွှေဆုနဲ့ အလှမ်းမဝေးရဖို့ဆိုရင်တော့ ဒီထက်ကောင်းတဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့လိုအပ်နေပြီး မဟုတ်ရင်တော့ ဆီမီးဖိုင်နယ်အဆင့်၊ ကြေးတံဆိပ်နဲ့ပဲ ကျေနပ်ရဖို့ များပါတယ်။