လီဗာပူးနည်းပြ ကလော့ပ်က မနေ့ညက စပါးကို ၂-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဒီယက်ဇ်ရဲ့ အဖွင့်ဂိုး ပယ်ဖျက်ခံရမှုအတွက် ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ VAR က Line ဆွဲပြသခဲ့ခြင်းမျိုး မရှိဘဲ အမှားအယွင်း ကျူးလွန်ခဲ့တာပါ။
ဒီဖြစ်ရပ်အတွက် ပွဲအပြီးမှာ ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ချုပ်က ပြန်လည်တောင်းပန်ခဲ့ပေမယ့် ရလဒ်ပိုင်းကတော့ အပြောင်းအလဲမဖြစ်ခဲ့ပါဘူး။ ဒီပွဲမှာ လီဗာပူး ကွင်းလယ်လူ ကာတစ်ဂျုံးစ် စောစောစီးစီးပဲ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါပေမယ့် လီဗာပူးကတော့ စပါးကို အကောင်းဆုဲံး တုံ့ပြန်ကစားနိုင်ခဲ့ပြီး ချေပဂိုးလည်း ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ကံဆိုးချင်တဲ့ လီဗာပူးတို့ လူစားဝင်လာတဲ့ ဂျိုတာ နှစ်မိနစ်ကို အဝါကတ်နှစ်ကတ်ဆက်တိုက် ပြသခံခဲ့ရပြီး လီဗာပူးတို့ နှစ်ယောက်လျော့နဲ့ ကစားခဲ့ရကာ ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ မာတစ်ပ်ရဲ့ Own Goal ကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ကလော့ပ်က “အခုမှ တောင်းပန်တာက ကျွန်တော်တို့ကို ဘယ်သူက လာကူညီမှာလဲဗျာ။ ဒါမျိုး အခြေအနေကို ယူနိုက်တက်ပွဲမှာလည်း ဖြစ်ခဲ့ဖူးတာပဲ။ အဲ့ဒီတုန်းကရော ဝုလ်ဗ်က အမှတ်ပြန်ရလိုက်လို့လား။ အခု ကျွန်တော်တို့လည်း ဒီအတွက် အမှတ်ပြန်ရမှာ မဟုတ်ပါဘူး”
“အားလုံးထင်ထားတာက VAR ပေါ်လာချိန်မှာ ကိစ္စတွေက ပိုမိုလွယ်ကူလာမယ်ဆိုပြီးတော့ပေါ့။ အခု ဒီယက်ဇ်ရဲ့ဂိုးအတွက် ဆုံးဖြတ်ချက်က မြန်မြန်ဆန်ဆန်ပဲ ချမှတ်သွားပါတယ်။ ဒါက ပွဲရဲ့အရှိန်ကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ ကျွန်တော့်ကောင်လေးတွေအတွက် တကယ်ကို ခက်ခဲခဲ့ပေမယ့် သူတို့ ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ကြပါသေးတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။