မေးခွန်းတခုတည်းကိုသာ ဖြေဆိုသွားခဲ့ပါတယ်။

ဆူဇူကီးဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ထိုင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် လက်ရှိချန်ပီယံဗီယက်နမ်ဟာ နှစ်ကျော့ပေါင်းရလဒ် ၂-၀ နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ထိုင်းက ခံစစ်ကို မာကျောအောင်တည်ဆောက်ခဲ့ကာ ဗီယက်နမ်ကို ဂိုးလုံး၀မပေးရဖို့ ဦးတည်ကစားခဲ့ပြီး သူတို့ရဲ့နည်းဗျူဟာအောင်မြင်ခဲ့ကာ ဗီယက်နမ်နည်းပြပတ်ဟန်ဆိုးကို တပွဲလုံးစိတ်ဆင်းရဲစေခဲ့ပါတယ်။ 



ပထမအကျော့မှာ ၂-၀ နဲ့ အရေးနိမ့်ထားခဲ့ပြီး ဒီပွဲအတွက် ပင်နယ်တီကန်သွင်းဖို့ပါ ပြင်ဆင်ထားတယ်လို့ ဗီယက်နမ်နည်းပြပတ်ဟန်ဆိုးက ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့ပါတယ်။ လက်တွေ့မှာတော့ သူ့အသင်းဟာ အချိန်ပိုတောင်မကစားခဲ့ရဘဲ လက်ရှိချန်ပီယံဘွဲ့ကို စွန့်လွှတ်ခဲ့ရပြီး ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ပတ်ဟန်ဆိုးတယောက် အသံတောင်မထွက်နိုင်တဲ့အထိဖြစ်ခဲ့ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ သူ့ကို ဗီယက်နမ်နည်းပြအဖြစ်ဆက်ရှိနေဦးမှာလားဆိုတဲ့ မေးခွန်းတခုတည်းကိုသာ ဖြေဆိုသွားခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါမေးခွန်းကို သူက "ကျွန်တော့်ရဲ့အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီး လောလောဆယ်တော့ ဘာမှမတွေးရသေးဘူး၊ ဗီယက်နမ်နည်းပြအဖြစ်နဲ့ ဆက်ရှိနေဦးမယ်ထင်ပါတယ်၊ ဒီထက်ကလွဲပြီး ကျန်တာ ဘာမှပြောစရာမရှိတော့ဘူး" လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ထိုင်းအသင်းနည်းပြပေါ့လ်ကင်းက "ကျွန်တော့်ကစားသမားတွေအတွက် မယုံကြည်နိုင်လောက်အောင်ကို ဂုဏ်ယူမိပါတယ်၊ သူတို့က ခံစစ်ပိုင်းကို ကောင်းကောင်းလုပ်ပြနိုင်ခဲ့ပါတယ်၊ အထူးသဖြင့် ဒုတိယပိုင်းမှာပါ၊ ကျွန်တော့်အမြင်အရတော့ တကယ့်ကို အံ့အားသင့်စရာပါပဲ၊ အသင်းရဲ့စိတ်ဓာတ်ပိုင်းကိုလည်း အံ့မခန်းပြသနိုင်ခဲ့ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။


ထိုင်းကတော့ ဗိုလ်လုပွဲအဖြစ် အင်ဒိုနီးရှားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပထမအကျော့၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ဒုတိယအကျော့အဖြစ်ကစားသွားမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က