ဘာစီလိုနာ ကစားသမားတွေဟာ သူတို့ လက်ရှိအသုံးပြုနေတဲ့ အိမ်ကွင်းမှာ ပွဲကစားပြီးတိုင်း ရေချိုးခွင့် မရှိဘူးလို့ သိရှိရပါတယ်။ လက်ရှိမှာ ဘာစီလိုနာက နူးကမ့်ကွင်းကို မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ပရိသတ် (၅) သောင်း (၄) ထောင်ဆံ့ အယ်လ်လူးဝစ် ကွင်းကို ငှားရမ်းအသုံးပြုနေတာပါ။
ဒါပေမယ့် ကစားသမားတွေဟာ အိမ်ကွင်းမှာ ပွဲကန်ပြီးတိုင်း၊ လေ့ကျင့်ခန်း အစီအစဉ်တွေပြီးသွားတိုင်း ရေအသုံးပြုခြင်းကို ကန့်သတ်ခံထားရပါတယ်။ အကြောင်းရင်းကတော့ လက်ရှိ စပိန်မှာ မိုးခေါင်နေပြီး အဆိုပါ ကွင်းတွေက ရေချိုးခန်းသုံးပစ္စည်းတွေက ရေကို သာမန်ထက် ဖြုန်းတီးရာရောက်တာကြောင့်ပါ။
ဝန်ကြီးဖြစ်တဲ့ ဒေးဗစ်မာစကော့တ်က “ဘာစီလိုနာအနေနဲ့ သူတို့ရဲ့ အိမ်ကွင်းမှာပဲဖြစ်ဖြစ်၊ လေ့ကျင့်ရေးကွင်းမှာပဲဖြစ်ဖြစ် ရေကို ချွေတာသုံးစွဲဖို့ လိုအပ်ပါတယ်။ သူတို့ အသုံးပြုနေတဲ့ ပစ္စည်းအားလုံးက ရေကို အများအပြား ပြုန်းတီးစေပြီး ဒါကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ကွင်းအတွက် ရေကို ပိုသုံးချင်တယ်ဆိုရင် ကျန်တဲ့နေရာတွေမှာ လျှော့ချရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။
ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ စပိန်နိုင်ငံမှာ မိုးရွာသွန်းမှုက နှစ်ပေါင်း (၃၀) ပျမ်းမျှအတွင်း (၁၇) ရာခိုင်နှုန်းအထိ လျော့ကျလာခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မက်ဒရစ်၊ မာလာဂါ၊ ဆီဗီလာတို့မှာ ရေအသုံးပြုခတွေ တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပြီး ကတ်တလန်ရဲ့ မြို့တွေမှာလည်း ရေမီတာဘေလ်ကို (၁၁) ရာခိုင်နှုန်းကနေ (၁၆) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပါတယ်။