လီဗာပူးလ်ကတော့ သူတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ ကို မနေ့က ကစားခဲ့ရာမှာ ဆောက်သမ်တန်ကို ၂-၁နဲ့ အနိုင်ယူပြီး မန်စီးတီးကို နောက်ဆုံးပွဲအထိ ဖိအားပေးလိုက်ပါပြီ။ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့်လည်း မီနာမီနိုနဲ့ မာတစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် နိင်ပွဲရခဲ့ပြီး မန်စီးတီးက ဗီလာကို မဖြစ်မနေ အနိုင်ကစားရအောင် သူတို့က ဖန်တီးလိုက်နိုင်ပါတယ်။
ဆာလာ၊ မာနေး၊ ဗန်ဒိုက်တို့ မပါဝင်ခဲ့သလို ဒီယက်ဇ်ကိုလည်း အရန်ခုံမှာပဲ ထားစေခဲ့တဲ့ ကလော့ပ်ရဲ့ လုပ်ရပ်ကလည်း မှန်ကန်ခဲ့ပါတယ်။ သူ့ကစားသမားတွေကို အရဲစွန့်အသုံးမပြုခဲ့ဘဲ အင်အားချွေတာခဲ့တာက နိုင်ပွဲရခဲ့လို့ အလုပ်ဖြစ်သွားခဲ့ပြီး လာမယ့်ပွဲတွေအတွက် ဒါက အားတက်စရာအနေအထားတခုအဖြစ်နဲ့လည်း ရှိသွားခဲ့ပါတယ်။
ဆောက်သမ်တန်ကတော့ အိမ်ကွင်းမှာ အတတ်နိုင်ဆုံးအမှတ်ရဖို့ အားထုတ်ခဲ့ပေမယ့် လီဗာပူးလ်ကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။ လီဗာပူးအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မရှိတော့ပေမယ့် လုပ်စရာရှိတာကိုတော့ အကောင်းဆုံးလုပ်သွားခဲ့တာပါ။ မန်စီးတီးသာ ခြေချော်မယ်ဆိုရင် သူတို့ရဲ့ ဆုဖလားအိပ်မက်ကို အသက်သွင်းနိုင်တော့မှာပါ။
ဂွာဒီယိုလာအတွက်တော့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ က ရင်ခုန်သံတွေ ဆူညံနေတော့မှာပါ။ ဗီလာကို အိမ်ကွင်းမှာ ကစားရမှာမို့ အားသာချက်အဖြစ်ရှိနေပေမယ့်လည်း တကယ်လို့များ ခြေချော်လက်ချော်ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက သူ့ကို ထိတ်လန့်နေစေမှာပါ။ လီဗာပူးလ်ကတော့ ၀ုလ်ဗ်ကို အိမ်ကွင်းမှာ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ပွဲစဉ် ၃၈ ကိုတော့ တနင်္ဂနွေနေ့ ညက ၉း၃၀ နာရီမှာ တပြိုင်တည်းကစားကြမှာဖြစ်ပါတယ်။