ယူနိုက်တက်နည်းပြသစ်ဖြစ်လာမယ့် အဲရစ်တန်ဟက်ခ်က လာမယ့်နွေရာသီမှာ ပွဲထွက်ကစားသမား (၁၁) ယောက်လုံးကို အသစ်ဝယ်ပေးဖို့ အသင်းရဲ့ ထိပ်တန်းတာဝန်ရှိသူတွေဆီ ပြောကြားထားတယ်လို့ သိရှိရပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ သူ့လက်ထက်မှာ ယူနိုက်တက်ကို စိတ်ကြိုက်ပြုပြင်ပြောင်းလဲခွင့်ရရှိမှာပါ။
လက်ရှိအချိန်မှာ ဒီနည်းပြအတွက် ကစားသမားခေါ်ယူပေးဖို့ ကိစ္စရပ်တွေ အစပြုနေပြီး လက်ရှိ ယာယီနည်းပြ ရန်းနစ်ဂ်ကလည်း အဲရစ်တန်ဟက်ခ်အတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရန်းနစ်ဂ်က ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်၊ ခံယူချက်နဲ့ပတ်သက်လို့ ဝေဖန်ထားတဲ့အကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ရန်းနစ်ဂ်ဟာ ကစားသမားတွေရဲ့ လုပ်အားနှုန်း၊ စွမ်းဆောင်ရည်နဲ့ ခံယူချက်တို့အပေါ် စိတ်ပျက်အံ့အားသင့်နေပြီး ဒီအကြောင်းကို ဘောလုံးဒါရိုက်တာ ဂျွန်မာတာ့ဖ်၊ အမှုဆောင်အရာရှိချုပ် ရစ်ချက်အာနိုးလ်တို့ကို ပြောကြားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲရစ်တန်ဟက်ခ်ဆီကိုလည်း ဒီအကြောင်း အသိပေးသွားမှာဖြစ်ပါတယ်။
အခု ထွက်ပေါ်လာတဲ့သတင်းအရတော့ အဲရစ်တန်ဟက်ခ်တယောက် ရန်းနစ်ဂ်ဆီက လိုအပ်တဲ့အချက်အလက်တွေကို ရရှိသွားပြီးဖြစ်တယ်လို့ ယူဆရပါတယ်။ The Independent ရဲ့ဖော်ပြချက်အရ အဲရစ်တန်ဟက်ခ်ကိုယ်တိုင်က အသင်းကစားသမားတွေရဲ့ ယေဘုယျစွမ်းဆောင်ရည် နိမ့်ပါးမှုကို သိမြင်နေပြီး ပွဲထွက်ကစားသမား (၁၁) ယောက်လုံးကို အပြောင်းအလဲလုပ်ရမယ်လို့ အသင်းရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် လာမယ့်နွေရာသီမှာတင် ချက်ချင်း အရာအားလုံး ပြောင်းလဲပစ်ဖို့မဟုတ်ဘဲ ဖြည်းဖြည်းချင်းစီနဲ့ သူလိုအပ်တဲ့အတိုင်း ပြောင်းလဲသွားမှာပါ။ အဲရစ်တန်ဟက်ခ်ဟာ လာမယ့်နွေရာသီမှာ ကစားသမား ခေါ်ယူဖို့အတွက် ပွဲထွက်ကစားသမားအဆင့်နဲ့အရန်ကစားသမားအဆင့်ဆိုပြီး ပေါင်းစပ်ခေါ်ယူသွားမယ်လို့ သိရပါတယ်။
ဒီလိုပုံစံမျိုးနဲ့ အသင်းရဲ့ကစားကွက်၊ ကစားသမား အင်အား အနေအထားကို ပြောင်းလဲသွားမှာဖြစ်ပြီး အပြောင်းအရွှေ့ရာသီ (၃) ခုခန့်ဖြတ်သန်းပြီးသွားချိန်မှာတော့ အသင်းကို အဲရစ်တန်ဟက်ခ် လိုချင်တဲ့ပုံစံအတိုင်း ရရှိဖို့ မျှော်လင့်ထားပါတယ်။