ယူနိုက်တက်ရဲ့ ပွဲစဥ်တွေ ဆက်တိုက်ဖျက်သိမ်းခဲ့ရတာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က ပြီးခဲ့တဲ့အပတ်မှာ ကစားဖို့ စီစဥ်ထားတဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေနဲ့ လာမယ့်အပတ် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲတွေ ဖျက်သိမ်းခဲ့ရတဲ့အပေါ် အသင်းအတွက် အကျိုးရှိစေကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်မှုကြောင့် ပြီးခဲ့တဲ့အပတ်က အင်္ဂလန်ပြည်တွင်းက ဘောလုံးပွဲအားလုံးကို ဖျက်သိမ်းခဲ့ရပါတယ်။



ဒါ့အပြင် လာမယ့်အပတ်မှာလည်း စျာပနအခမ်းအနားရှိနေတာကြောင့် ရဲတပ်ဖွဲ့အင်အား မလုံလောက်နိုင်တဲ့အနေအထားမှာ ပွဲအချို့ ဖျက်သိမ်းခဲ့ရပြီး ယူနိုက်တက်နဲ့ လိဒ်စ်တို့ ရင်ဆိုင်မယ့်ပွဲကလည်း ဖျက်သိမ်းခဲ့ရပါတယ်။ ဒီလိုမျိုး ပွဲတွေပျက်တဲ့အပေါ် အချို့ကတော့ အသင်းရဲ့ပုံစံကို ထိခိုက်စေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါပေမယ့် တန်ဟက်ခ်ကတော့ ဒီလိုမျိုးမယူဆထားပါဘူး။

သူ့အနေနဲ့ အသင်းသားတွေနဲ့အတူ လေ့ကျင့်ရေးကွင်းမှာ ပိုမိုအချိန်ကုန်ဆုံးပြီး နားလည်မှုတွေ တည်ဆောက်နိုင်တဲ့အပေါ်မှာ တန်ဟက်ခ်က အခုလိုမျိုး ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ တန်ဟက်ခ်က “ကျနော်တို့အတွက် ကောင်းမွန်တဲ့ရက်တွေကို ပိုင်ဆိုင်ခဲ့တယ်ထင်ပါတယ်။ ကစားသမားအချို့အတွက်လည်း အချိန်အချို့ ပေးနိုင်ခဲ့ပါတယ်”

“နောက်ပြီး ကျနော်တို့အသင်းလိုက်အတွက်လည်း တကယ်ကိုကောင်းမွန်တဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ဒီကာလကြောင့် အနာဂတ်အတွက် တကယ်ကို အကျိုးရှိလာမယ်လို့ ထင်ပါတယ်။ ရှရစ်ဖ်နဲ့ ကစားမယ့်ပွဲကစလို့ပေါ့” လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် အောက်တိုဘာ (၂) မှာသာ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲအဖြစ် ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ပြန်လည်ကစားရတော့မှာပါ။

ယူနိုက်တက်အနေနဲ့ အောက်တိုဘာ (၂) ကနေ နိုဝင်ဘာ (၁၃) အတွင်း စုစုပေါင်း (၁၃) ပွဲအထိ ကစားရမှာဖြစ်ပြီး ဒါက တော်တော်လေး ကျပ်တည်းတဲ့ ပွဲစဥ်ဇယားလည်းဖြစ်ပါတယ်။ ဒါပေမယ့် တန်ဟက်ခ်ကတော့ အဝေးကြီးကို လှမ်းကြည့်နေမှာမဟုတ်ဘဲ အနီးစပ်ဆုံး ကစားရမယ့် ရှရစ်ဖ်နဲ့ ယူရိုပါလိဂ်အဝေးကွင်းပွဲကိုသာ အရင်ဆုံး အာရုံစိုက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က