ပန်းဖြူကတော့ အရိယာဝါသဓမ္မစင်တာမှာ ဆရာလေးမင်္ဂလဂဝေသီ ဘွဲ့နာမည်နဲ့ (၁၁) ရက်အကြာ သာသနာ့ဘောင်ထဲ ဝင်ခဲ့တယ်လို့ သိရပါတယ်။
Photo: Pann Phyu
သရုပ်ဆောင် ပန်းဖြူနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ကလောမြို့မှာရှိတဲ့ အရိယာဝါသဓမ္မစင်တာ မှာ (၁၁) ရက်အကြာ တရားအားထုတ်ခဲ့တယ်လို့ သိရပါတယ်။ သာသနာ့ဘောင်ထဲ ဝင်ခဲ့ရတဲ့ ဝမ်းသာပီတိလေးကိုလည်း ပန်းဖြူက အခုလို ပြောပြလာပါတယ်။
" ၁၁ ရက်တာဆရာလေးမင်္ဂလဂဝေသီ ဘဝတွင် လိုလေသေးမရှိ ဆွမ်းကျောင်း ပြည့်စုံစေသော၊ ရုပ် နာမ်တို့၏ အချိန်တိုင်း ဖြစ်ပျက် ပျက်ဆီးနေပုံကို သိရှိစေရန် ဝိပသနာဉာဏ် အလင်းပြပေးသော၊ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ထေရဝါသဆရာတော်ကြီးများအား အနီးကပ်ဖူးမျှော်ခွင့်ရအောင် စီစဉ်ပေးသော၊ ကျေးဇူးကြီးမားလှပါသော ကလောမြို့ အရိယာဝါသဓမ္မကျောင်းတိုက်မှ ဆရာလေးဒေါ်နိမ္မလ(ခ) အသောကစာရီအား ရှိခိုးဦးတင်ပါတယ် ဘုရား။ ဆရာလေး လမ်းညွှန်သင်ပြပေးမှုအတိုင်း ကြိုးစားပြီး ငါစွဲတွေကို ဖြတ်နိုင်အောင် ကြိုးစားပါ့မယ်ဘုရား။ သီလရှင်အဖြစ် ၁၁ရက်တာ ကာလတွင် လိုလေသေးမရှိပြည့်စုံစေသော ဝေယာဝစ္စကုသိုလ်ရှင်များအားလည်းကျေးဇူးအထူးတင်ရှိပါတယ်" ဆိုပြီးတော့ သြဂုတ်လ (၁၉) ရက်နေ့ ည (၁၀) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Pann Phyu
ပန်းဖြူဟာ သာသနာ့ဘောင်ထဲ ဝင်ရောက်နေချိန်အတွင်းမှာ မိဘနှစ်ပါးအတွက် ရည်ရွယ်ပြီး အရိယာဝါသဓမ္မစင်တာမှာ ဘုရားတစ်ဆူ လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီနောက် တိုက်သစ်ကျောင်းတိုက် (ကလော)သို့ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့တာ ဖြစ်ပြီး တောင်တတ်လမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် ပြုပြင်ရန် အလှူငွေကိုလည်း ပေးအပ်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။
ပန်းဖြူဟာသာသနာ့ဘောင်ထဲ မဝင်ရောက်ခင်တုန်းက သူမအရမ်းဖူးမျှော်ချင်တဲ့ ဆရာတော်ကြီးတွေ ဖြစ်တဲ့ အနန္တဇိနသမ္ဗုဒ္ဓေစေတီတော်နှင့် မျက်စိဆေးရုံ ဗုဒ္ဓဥယျာဉ်တို့ကို တည်ထားလျက်ရှိသော ရွှေရတု တိပိဋကဆရာတော် အရှင်ဝံသပါလာလင်္ကာရ၊ သီတဂူ ဆရာတော်၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် မှ ဆရာတော် ဒေါက်တာဓမ္မသာမိ၊ ရွှေစင်တိပိဋကဆရာတော်ဘုရား တို့ကိုလည်း သွားရောက်ဖူးမျှော်ခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဆက်လက် ရေးသားထားခဲ့ပါတယ်။
Photo: Pann Phyu
ပန်းဖြူကတော့ ၂၀၁၃ ခုနှစ် မေလအတွင်းတုန်းက ခင်ပွန်းဖြစ်သူ Steve Batu နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးတဲ့နောက်မှာတော့ သူမရဲ့အနုပညာအလုပ်တွေလည်း တဖြည်းဖြည်းနဲ့ ခြေလှမ်းကျဲလာခဲ့တာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ပန်းဖြူဟာ အနုပညာအလုပ်တွေထက် ခင်ပွန်းဖြစ်သူနဲ့ အတူ စီးပွားရေး လုပ်ငန်းတွေကို ပိုမို ဦးစားပေး လုပ်ကိုင်နေတာကို တွေ့ရပါတယ်။