လီဗာပူးလ်အသင်းပရိသတ်တွေဟာ တိုက်စစ်မှာ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးနဲ့ ရောဘတ်တို ဖာမီနိုတို့ ရှိခဲ့တဲ့နေ့တွေတုန်းက အသင်းရဲ့ အထင်ကရ ဖိအားပေးကစားပုံကို ပြသထားတဲ့ ဗီဒီယိုဖိုင်ကို လွမ်းမောတသစွာ ပြန်လည်ကြည့်ရှုခဲ့ရပါတယ်။
အဲဒီဗီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့အပတ်က ဝုလ်ဗ်စ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း မိုဟာမက် ဆာလားတစ်ဦးတည်း ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနေရတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အီဂျစ်တိုက်စစ်မှူး မိုလီနာကွင်းမှာ စိတ်ပျက်လက်ပျက်ပုံစံဖြစ်နေခဲ့ပြီး ဒါဝင် နူးညက်ဇ်နဲ့ ကိုဒီ ဂက်ခ်ပိုတို့ကို တိုက်စစ်ကနေ ဖိအားပေးဖို့ တောင်းဆိုခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ မိုဟာမက် ဆာလားက ၎င်းကိုယ်တိုင် ဖိအားပေးနေချိန်မှာ နူးညက်ဇ်ကိုပါ ဖိအားပေးဖို့ အမူအရာ လုပ်ပြခဲ့တာကို မြင်တွေ့ခဲ့ရပြီး လီဗာပူးလ်အသင်းဟာ ဝုလ်ဗ်စ်နဲ့ပွဲမှာ ယခုရာသီ ၇ ပွဲမြောက်လိဂ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ PassLikeThiago က တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ အရင်တုန်းက လီဗာပူးလ်အသင်းမှာ မိုဟာမက် ဆာလား၊ မာနေးနဲ့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဖာမီနိုတို့ ဖိအားပေးကစားနေတာကို ပြသခဲ့ပြီး လီဗာပူးလ်ကြယ်ပွင့် ၃ ဦးရဲ့ အကျိုးသက်ရောက်မှုကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
မိုဟာမက် ဆာလား၊ မာနေးနဲ့ ဖာမီနိုတို့ရဲ့ ဖိအားပေးမှုတွေထဲက အချို့ဟာ နောက်ဆုံးမှာ ဂိုးရရှိစေခဲ့တာဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေဟာ အရင်တုန်းကနဲ့ လက်ရှိအခြေအနေကွာခြားသွားမှုကြောင့် လူမှုကွန်ရက်ပေါ်မှာ လွမ်းဆွတ်တသဖြစ်ခဲ့ကြမယ်ဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။ "ဒီ ၃ ယောက်ကတော့ တသက်လုံး အထင်ကရဖြစ်နေမှာပါ"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "လူတွေက ဘာကြောင့် ဆာလားကို ပြစ်တင်နေကြလဲဆိုတာ ငါမသိဘူး။ ဒီကာလမှာ သူ အကောင်းဆုံးကြိုးစားနေတယ်။ သူ့အတွက် တိုက်စစ်မှာ အကူအညီပေးနိုင်မယ့်သူ မရှိတာ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဆာဒီယို မာနေးကို ဘိုင်ယန်မြူးနစ်အသင်းဆီ ထွက်ခွာခွင့်ပေးခဲ့ပြီး ဆီနီဂေါကြယ်ပွင့်ကို ပရိသတ်တွေနဲ့ ကလော့ပ်ကိုယ်တိုင်က လွမ်းဆွတ်နေခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ နူးညက်ဇ်နဲ့ ဂက်ခ်ပိုတို့ကို ခေါ်ယူခဲ့ပေမယ့်လည်း ဒီကစားသမား ၂ ဦးစလုံးဟာ ပရီးမီးယားလိဂ်မှာ အသားကျဖို့အတွက် ရုန်းကန်နေရဆဲဖြစ်ပြီး ကလော့ပ်အနေနဲ့ မာဆေးဆိုဒ်ဒါဘီအဖြစ် အဲဗာတန်နဲ့ ကစားရမယ့်ပွဲစဉ်မှာ ရလဒ်ကောင်း ရရှိနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။