ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုတယောက် အသင်းကနေ ထွက်ခွာခွင့်တောင်းပြီးနောက် မနေ့က ပြုလုပ်တဲ့ အသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်ကို လွဲချော်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် ရော်နယ်ဒိုဟာ မနေ့က ကာရင်တန်ကို သတင်းပို့ရတော့မှာဖြစ်ပေမယ့် မိသားစုကိစ္စကိုအကြောင်းပြကာ ခွင့်ယူရှောင်လွှဲခဲ့ပါတယ်။
ဒါပေမယ့် အသက် (၃၇) နှစ်အရွယ် အဆိုပါ ပေါ်တူဂီတိုက်စစ်မှူးကြီးဟာ မွေးရပ်မြေ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့က ပေါ်တူဂီလက်ရွေးစင်ရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိနေခဲ့တယ်လို့ ဗီဒီယိုမှတ်တမ်းတွေအရ သိရှိရပါတယ်။ ဒီမြင်ကွင်းကိုမြင်တွေ့ရတဲ့အခါမှာတော့ ယူနိုက်တက်ပရိသတ်အချို့က ရော်နယ်ဒိုကို ဒေါသပေါက်ကွဲခဲ့ပြီး ပရော်ဖက်ရှင်နယ်မဆန်တဲ့အပြုအမူလို့ ဝေဖန်နေကြပါတယ်။
ရော်နယ်ဒိုအနေနဲ့ မိသားစုကိစ္စအကြောင်းပြပြီး ဗြိတိန်ကိုတောင် ပြန်မလာခဲ့ဘဲ ပေါ်တူဂီမှာ လေ့ကျင့်ခန်းဆင်းနေတာက သူ့ရဲ့တသီးပုဂ္ဂလိက အနေအထားအတွက် ပရော်ဖက်ရှင်နယ်ဆန်တယ်ပြောနိုင်ပါတယ်။ ဒါပေမယ့် အသင်းလိုက်ကစားရတဲ့ ဘောလုံးမှာတော့ အသင်းကနေ ထွက်မယ်ဆိုတိုင်း ဒါမျိုးပြုမူတာက မလုပ်သင့်ဘူးလို့ ပရိသတ်တွေက ယူဆနေပါတယ်။
ယူနိုက်တက်ကလည်း ရော်နယ်ဒိုကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ဒီလိုမျိုးရောင်းချတဲ့နေရာမှာတော့ ပရီးမီးယားလိဂ်ကမဟုတ်တဲ့အသင်းတသင်းဆီကိုသာ ရောင်းချဖို့ ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်ကလည်း အသင်းသစ်ရှာဖွေနေပြီး ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်တို့နဲ့ အဓိကသတင်းထွက်နေပါတယ်။
အစပိုင်းမှာ ယူနိုက်တက်ဟာ ရော်နယ်ဒိုကို လက်ရှိနွေရာသီမှာ လက်လွှတ်ရသည့်တိုင် ရာသီကြိုခြေစမ်းခရီးစဥ်ကိုတော့ သေချာပေါက်လိုက်ပါရမယ်လို့ သတိပေးထားကြောင်း ဗြိတိန်အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ ပထမဆုံးရာသီကြိုခြေစမ်းခရီးဖြစ်တဲ့ ဘန်ကောက်ကိုတောင် လိုက်ပါလိုတဲ့ဆန္ဒရှိဟန်မတူဘဲ မကြာခင်မှာ ရော်နယ်ဒိုနဲ့ ယူနိုက်တက်လမ်းခွဲကို မြင်တွေ့ရတော့မှာပါ။