In partnership with  logo
အသုံးပြုပြီးသားသစ်သားအဟောင်းတွေ၊စွန့်ပစ်ပစ္စည်း ဖြစ်လာမယ့်သစ်သားတွေနဲ့ ပရိဘောဂအဟောင်းတွေကိုအသုံးပြုပြီးအိမ်သုံးပစ္စည်းနဲ့ပရိဘောဂတွေပြန်လည် ထုတ်လုပ်တဲ့လုပ်ငန်းဖြစ်ပါတယ်။

“သစ်တောတွေကိုကာကွယ်ချင်လို့ Upcycled Furniture လုပ်ငန်းကို လုပ်ကိုင်တာပါလို့” ဆိုလာသူကတော့ Mickey's Real Wood Upcycled Furniture ကိုတည်ထောင်သူ ကိုမင်းစိန်(ခေါ် )ကိုမစ်ကီပဲဖြစ်ပါတယ်။ သင်္ဘောသားတစ်ဦးအဖြစ်အလုပ်လုပ်ကိုင်ခဲ့တဲ့ကိုမစ်ကီဟာ လက်ရှိအချိန်မှာတော့ပရိဘောဂအဟောင်းတွေ ကိုပန်းချီအနုပညာနဲ့ပေါင်းစပ်ပြီးUpcycled Furnitureတွေကိုဖန်တီးနေသူတစ်ဦးပါ။ သူရဲ့ပရိဘောဂတွေက အသုံး၀င်တဲ့အိမ်အသုံးအဆောင်ပစ္စည်းအဖြစ်သာမက ပန်းချီကားတစ်ချပ်လိုအနုပညာရသကိုပါခံစားရစေပါတယ်။





Upcycled Furniture လုပ်ငန်းဆိုတာက


Upcycled Furnitureလုပ်ငန်းဆိုတာကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအခြေခံထားတဲ့ ပရိဘောဂလုပ်ငန်းတစ်ခုပါ။ဒီလုပ်ငန်းမှာအသုံးပြုတဲ့သစ်တွေက သစ်တောတွေကနေခုတ်ယူထားတဲ့ သစ်တောထွက်သစ်တွေကိုဝယ်ယူသုံးစွဲတာမဟုတ်ပဲ အသုံးပြုပြီးသားသစ်သားအဟောင်းတွေ၊စွန့်ပစ်ပစ္စည်း ဖြစ်လာမယ့်သစ်သားတွေနဲ့ ပရိဘောဂအဟောင်းတွေကိုအသုံးပြုပြီးအိမ်သုံးပစ္စည်းနဲ့ပရိဘောဂတွေပြန်လည် ထုတ်လုပ်တဲ့လုပ်ငန်းဖြစ်ပါတယ်။ကိုမစ်ကီရဲ့ Mickey's Real Wood Upcycled Furniture လုပ်ငန်းမှာတော့ မြန်မာ့ကျွန်းသစ်နဲ့ပြုလုပ်ထားတဲ့ပရိဘောဂအဟောင်းတွေကိုအများဆုံးအသုံးပြုထုတ်လုပ်နေတာဖြစ်ပါတယ်။


ပရိဘောဂအဟောင်းတွေကိုအနုပညာဖြင့်ပြန်အသက်သွင်းသူ


မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကိုမစ်ကီရဲ့ပရိဘောဂအလုပ်ရုံမှာတော့ ဟောင်းနွမ်းနေတဲ့ပရိဘောဂတွေကိုစုပုံထား တဲ့ မြင်ကွင်းကိုမြင်တွေ့ရမှာပါ။ဒီပစ္စည်းတွေကတစ်ချိန်က မိသားစု၀င်အသီးသီးရဲ့နေ့အိမ်တွေမှာ အသုံး၀င်တဲ့ အိမ်အသုံးအဆောင်တွေအဖြစ်ရှိခဲ့ကြပေမယ့် အခုချိန်မှာတော့ သူတို့တွေရဲ့အသုံး၀င်မှုကနေရပ်နားခံလိုက် ရပြီလို့ဆိုနိုင်ပါတယ်။ဒီပရိဘောဂတွေထဲမှာ စွန့်ပစ်ပစ္စည်းဖြစ်လုနီးပါးအခြေနေရောက်နေတဲ့ ပစ္စည်းတွေ လည်းအများအပြားပါ၀င်သလို တစ်ချို့ကတော့ဟောင်းပေမယ့် လက်ရာကောင်းမွန်ပြီး ခေတ်တစ်ခေတ်ကို ဖော်ညွှန်းနေနိုင်ဆဲဖြစ်ပါတယ်။


 


“တချို့ပရိဘောဂတွေဆို တစ်စီဖြစ်နေတာတွေကို ဆိုက်ကားသမား တွေကဆိုက်ကားနဲ့တင်လာပြီးလာရောင်း သွားတာ။အဲ့လိုရလာပြီဆိုရင် မဖန်တီးခင်တစိမ့်စိမ့်ထိုင်ကြည့်ရတာပေါ့ သူတို့ကိုဘယ်လိုအိမ်လေးမှာ ဘယ်လို ပုံစံလေးနဲ့တင့်တောင်းတင့်တယ်ဘ၀လေးကိုပြန်ပေးနိုင်မလဲဆိုတဲ့ စိတ်ကူးနဲ့စစဥ်းစားတယ်။ပြီးမှကျွန်တော်လို ချင်တဲ့ပုံကို ကျွန်တော်အလုပ်ရုံကလက်သမားဆရာတွေနဲ့ တိုင်ပင်ပြီးပြန်ပြီးဖန်တီးတယ်။”လို့ ကိုမစ်ကီက သူရဲ့ Upcycled Furniture ဖန်တီးမှုကိုပြောပြပါတယ်။


ဖခင်ပန်းချီဆရာရဲ့အနုပညာနဲ့ထပ်မံပေါင်းစပ်


ကိုမစ်ကိုရဲ့ Upcycled Furnitureတွေပေါ်ကပန်းချီလက်ရာရှင်ကတော့ကိုမစ်ကီရဲ့အဖေဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာပန်းချီဆရာကြီးဖြစ်ပြီး မြန်မာမှု့မြန်မာ့ဟန်ပန်းချီတွေကို အများဆုံးရေးဆွဲလေ့ရှိသူပါ။ ကိုမစ်ကီရဲ့ Upcycled Furnitureတွေနဲ့လိုက်ဖက်ညီစွာပဲဖခင်ဖြစ်သူရဲ့ပန်းချီအနုပညာတွေကိုလည်း ဒီပရိဘောဂတွေကနေတစ်ဆင့်တွေ့ရှိခံစားရမှာပါ။လက်မှုအတတ်ပညာနဲ့ပန်းချီအနုပညာပေါင်းစပ်ဖန်တီး လိုက်တဲ့အခါမှာတော့တန်ဖိုးမြင့်ပြီးနှစ်သက်ဖွယ် Upcycled Furniture တွေဖြစ်လာပါတယ်။ 


သဘာဝပတ်ဝန်းကျင်ကိုမြတ်နိုးတဲ့သားအဖ


ဒီလုပ်ငန်းကိုမလုပ်ခင်က ကိုမစ်ကီဟာလစာ၀င်ေငွကောင်းတဲ့သင်္ဘောသားတစ်ဦးအဖြစ်အလုပ်လုပ်ကိုင်ခဲ့သူပါ။ ကိုမစ်ကီတို့ဇနီးမောင်နှံမှာသားသမီး(၃)ဦးရှိပြီး သားလတ်ဖြစ်သူကတော့ သဘာဝသစ်တောတွေနဲ့တောရိုင်း တိရိစ္ဆာန်ကို ထိန်းသိမ်းစောင့်ေရှာက်ရတာကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။သဘောဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး သစ်တောခေါင်းဖြစ်ချင်တဲ့သားဖြစ်သူရဲ့စကားတစ်ခွန်းကြောင့်သင်္ဘောသားအလုပ်ကိုရပ်နားပြီး ကိုမစ်ကီတစ်ယောက် သဘာဝပတ်ဝန်းကျင်ကိုအခြေခံတဲ့ပရိဘောဂလုပ်ငန်း(Upcycled Furniture)ကို လုပ်ကိုင်ဖို့စတင်ခဲ့ပါတယ်။







"တစ်ရက်ကျွန်တော်တို့မိသားစုပုဂံကနေအပြန်လမ်းမှာပဲခူးရိုးမကိုဖြတ်ထားတဲ့လမ်းကနေပြန်ကြတော့ ကျွန်တော့်သားကသဘာဝသစ်တောကိုတွေ့ရမယ်ဆိုပြီး စိတ်လှုပ်ရှားနေတာပေါ့။ တကယ်အဲ့နားကိုရောက်တဲ့ အချိန်ကျဘာမှမရှိမနေတော့ဘူး အဲ့ဒါသူလည်းစိတ်ညစ်သွားပြီး မြန်မာနိုင်ငံမှာသစ်တောတွေလည်း မရှိတော့ဘူးသစ်တောခေါင်းဘယ်လိုလုပ်ရမှာလဲဆိုပြီးပြောတယ်။အဲ့မှာကျွန်တော်တို့က ဘာမှစိတ်မပူနဲ့မင်းကို သစ်တောေခေါင်းဖြစ်အောင်လုပ်ပေးမယ် ဒီနေ့ကစပြီးငါတို့သစ်တောတွေကာကွယ်တဲ့အလုပ်ကို နိုင်သလောက်စလုပ်မယ်လို့ပြောတော့သူကဘာလုပ်မှာလဲလို့မေးတဲ့အချိန်ကျွန်တော်က Upcycled Furnitureလုပ်ငန်းလုပ်မယ်လို့ပြန်ဖြေလိုက်တယ်။အဲ့လိုနဲ့ကျွန်တော်လည်း သင်္ဘောပြန်မတတ်တော့ပဲ ဒီလုပ်ငန်းကိုစဖြစ်ခဲ့တာပါလို့”ကိုမစ်ကီကပြောပြပါတယ်။


Upcycled Furnitureတွေကိုဘယ်လိုတန်ဖိုးသတ်မှတ်လဲ


Upcycled Furniture တွေရဲ့ တန်ဖိုးသတ်မှတ်ချက်ကတော့ ပုံမှန်ပရိဘောဂတွေနဲ့မတူညီဘဲ ဖန်တီးအားထုတ်ရမှု၊ ရှာဖွေစုဆောင်းရမှု၊ပစ္စည်းရဲ့ရှားပါးမှုပါ၀င်တဲ့အနုပညာလက်ရာတွေပေါ်မှာမူတည်ပြီး တန်ဖိုးသတ်မှတ်တယ်လို့ သိပါတယ်။

“စျေးနှုန်းအနေနဲ့ဆိုရင်တော့ ကျွန်တော်တို့က ပုံမှန်ပရိဘောဂအိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့တော့ မတူဘူးပေါ့ ပုံမှန်ကကျ ဘယ်နှပေ၊ဘယ်နှကျင်းဆိုပြီးစျေးကိုတွက်ယူကြပေမယ့် ကျွန်တော်တို့ကကျ အဲ့လိုသတ်မှတ်လို့ မရဘူးပေါ့နော် ပစ္စည်းတူလည်းကျွန်တော်တို့ဆီမှာကရဖို့မလွယ်တော့ သူ့စျေးတန်းလေးတစ်ခုတော့ရှိပါတယ်။ ဒီပရိဘောဂတွေကိုဝယ်ယူစုဆောင်းသူအများစုကလည်း သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးသူတွေ များပါတယ်”လို့ ကိုမစ်ကီကရှင်းပြပါတယ်။



စိတ်၀င်စားလေ့လာချင်သူတွေအတွက်လိပ်စာက


Mickey's Real Wood Upcycled Furnitureကို စိတ်၀င်စားတဲ့သူတွေအတွက်လိပ်စာလေးကတော့ အမှတ်B-1၊ဘုရင့်နောင်လမ်း၊ကျောက်ရေတွင်း၊မရမ်းကုန်းမြို့နယ်မှာဖြစ်ပါတယ်။သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးပြီးပရိဘောဂစုဆောင်းရတာကိုဝါသနာပါသူတွေအတွက် Mickey's Real Wood Upcycled Furniture လုပ်ငန်းလေးကိုညွန်းဆိုပေးလိုက်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က