ချဲလ်ဆီးက နော့ဝစ်ချ်ကို (၇) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နော့ဝစ်ချ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ အပြင်းအထန်ထွက်ပေါ်နေပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ဒီပွဲက ချဲလ်ဆီးအတွက် အခက်အခဲ တစ်စုံတစ်ရာမရှိခဲ့ဘဲ မေဆင်မောင့်ရဲ့ ဟက်ထရစ်၊ အိုဒွိုင်း၊ ရီစီဂျိမ်းစ်၊ ဘင်ချီဝဲလ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချဲလ်ဆီးတို့ လွယ်လွယ်ကူကူ နိုင်ပွဲရရှိခဲ့တာပါ။
ချဲလ်ဆီးဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့သလို နော့ဝစ်ချ်ကတော့ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရသေးဘဲ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာသာ ရပ်တည်နေခဲ့ပါတယ်။
နော့ဝစ်ချ်ဟာ လက်ရှိအချိန်ထိ ကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ် (၉) ပွဲမှာ နိုင်ပွဲမရှိ၊ (၂) ပွဲသရေ၊ (၇) ပွဲရှုံးနဲ့ အဆင့် (၂၀) မှာ ရပ်တည်နေတာဖြစ်ပြီး ပရိသတ်တွေကတော့ လက်ရှိပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံးအသင်းအဖြစ် ဝေဖန်သမုတ်နေကြတာပါ။
ပွဲအပြီး တွစ်တာပေါ်မှာ နော့ဝစ်ချ်ရဲ့ ရလဒ်ပိုင်းနဲ့တင်မကဘဲ အသင်းရဲ့စွမ်းဆောင်ရည်ကိုပါ အပြင်းအထန် ဝေဖန်နေကြပြီး အခုချက်ချင်း တန်းဆင်းသွားသင့်တယ်လို့လည်း ဆိုနေကြပါတယ်။ “နော့ဝစ်ချ်က တော်တော်နုံချာတဲ့ အသင်းတစ်သင်းပါ။ သူတို့ကို အခုချက်ချင်း တန်းဆင်းခိုင်းပြီး လိဂ်ချန်ပီယံရှစ်က ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့ အသင်းကို တန်းတင်ပေးလိုက်ပါ”
“ပြီးရင် သူတို့ကို ပရီးမီးယားလိဂ်ကနေ (၅) နှစ်လောက် ပိတ်ပင်လိုက်ပါ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။ အခြားသော ပရိသတ်တစ်ယောက်ကလည်း “ချဲလ်ဆီး ကစားတာ ကြည့်ကောင်းပါတယ်။ ဒါပေမယ့် နော့ဝစ်ချ်က ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အသင်းတစ်သင်းပါ။ သူတို့ကို အခုချိန်မှာ တစ်မှတ်မှမပေးဘဲ ချက်ချင်းတန်းဆင်းခိုင်းလိုက်ပါ” လို့ ရေးသားခဲ့ကြပါတယ်။
အခြားသော ပရိသတ်တွေကလည်း နော့ဝစ်ချ်နဲ့ပတ်သက်လို့ အမျိုးမျိုးဝေဖန်ခဲ့ကြပြီး နော့ဝစ်ချ်ရဲ့ လက်ရှိအနေအထားကလည်း ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်နိုင်မယ့် ခြေစွမ်းမျိုးမရှိဘူးလို့ သုံးသပ်ရမှာပဲဖြစ်ပါတယ်။