ဘင်ဖီကာနဲ့လီဗာပူးတို့ ဒီညမှာ ရင်ဆိုင်ရမှာပါ။

ဒီကနေ့ညမှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရဲ့ ပထမအကျော့ပွဲစဥ်တွေကို စတင်ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ် ပထမအကျော့၊ ပထမညမှာတော့ မန်စီးတီးနဲ့ အက်သလက်တီကို၊ ဘင်ဖီကာနဲ့လီဗာပူးတို့ ကစားရမှာပါ။



ဘင်ဖီကာဟာ ပြီးခဲ့တဲ့ ရှုံးထွက် (၁၆) သင်းအဆင့်မှာ အေဂျက်စ်ကို မထင်မှတ်ဘဲ ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မှာ ဘင်ဖီကာက အင်အားအနည်းဆုံးအဖြစ် သတ်မှတ်ခံထားရပြီး ဒီအသင်းနဲ့တွေ့ဆုံနေတဲ့ လီဗာပူးအတွက်လည်း ပွဲချောင်နေတယ်လို့ဆိုကြပါတယ်။

ဒါပေမယ့် အခုတခါမှာတော့ လီဗာပူးအတွက် သတိထားစရာ သတင်းတပုဒ်ထွက်ပေါ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ် အသင်းတသင်းဖြစ်တဲ့ ဝုလ်ဗ်ရဲ့ နည်းပြ ဘရူနိုလေ့ချ်ဟာ လီဗာပူးနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးအချက်အလက်အချို့ကို ဘင်ဖီကာထံ လွှဲပြောင်းပေးထားတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့တာပါ။

ဘရူနိုလေ့ချ်ဟာ ဘင်ဖီကာကို တနှစ်ခွဲကြာကိုင်တွယ်ခဲ့ဖူးတဲ့နည်းပြတယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၉) မှာ ဘင်ဖီကာနဲ့အတူ ပေါ်တူဂီအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခု သုံးနှစ်ကြာသည့်တိုင် ဘရူနိုလေ့ချ်နဲ့ ဘင်ဖီကာအကြား အဆက်အသွယ်ရှိနေဆဲဖြစ်ပြီး ဝုလ်ဗ်ဘက်ကနေ ဘင်ဖီကာဆီကို လီဗာပူးနဲ့ပတ်သက်တဲ့ အဖိုးတန်အချက်အလက်အချို့ ပေးပို့ထားတယ်လို့ ပေါ်တူဂီအခြေစိုက် အေဘိုလာသတင်းဌာနက ဖော်ပြပါတယ်။

ဘင်ဖီကာရဲ့လက်ရှိနည်းပြ ဗာရစ်ဆီမိုနဲ့ ဝုလ်ဗ်နည်းပြ ဘရူနိုလေ့ချ်တို့အကြား တိုက်ရိုက်ဆက်သွယ်ခဲ့တာမျိုးမရှိပေမယ့် အသင်းနှစ်သင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာအဖွဲ့နှစ်ဖွဲ့အကြား အဆက်အသွယ်ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအချက်အလက်တွေထဲမှာ လီဗာပူးရဲ့ ခံစစ်ကစားချိန်၊ တိုက်စစ်ကစားချိန်ဗျူဟာတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားပါတယ်။

အထူးသဖြင့် လီဗာပူးနောက်တန်းက အာနိုးလ်၊ ရော်ဘတ်ဆန်၊ ကွင်းလယ်က သီယာဂို၊ တိုက်စစ်ပိုင်းက မာနေး၊ ဆာလာတို့နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ပါဝင်တယ်လို့လည်း သိရှိရပါတယ်။ ဘင်ဖီကာအနေနဲ့ ဒီအချက်တွေကို ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင်တော့ အကျိုးကျေးဇူးတစုံတရာရှိနိုင်ပေမယ့် ကစားသမား အရည်အသွေး ကွာဟချက် ကြီးမားနေတာကြောင့်လည်း လီဗာပူးကို တစုံတရာ ဒုက္ခပေးနိုင်ဖို့မရှိဘူးလို့လည်း အချို့ကယူဆနေကြပါတယ်။ 

Share

Loading Next Article...
က္က