ဆွန်ဟောင်မင်ရဲ့ အင်္ဂလန်မြေ ပထမဆုံးအတွေ့အကြုံက ခါးသီးခဲ့ပါတယ်။

စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ (၂၀၀၉) မှာ ပရီးမီးယားလိဂ်က နာမည်ကြီးနှစ်သင်းဖြစ်တဲ့ ဘလက်ဘန်း၊ ပို့စ်မောက်တို့မှာ ခြေစွမ်း လာရောက်စမ်းသပ်ခံဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဆွန်ဟောင်မင်ရဲ့အသက်က (၁၇) နှစ်သာရှိသေးပြီး အင်္ဂလန်မြေကို ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးတာပါ။



ဒီအကြောင်းကို ဆွန်ဟောင်မင်က “အင်္ဂလန်မှာ ကျနော်နဲ့သိတဲ့သူတယောက်မှ မရှိပါဘူး။ မိသားစုလည်း ကျနော်နဲ့အတူ မပါလာပါဘူး။ ကျနော်တယောက်တည်း ရောက်လာခဲ့ပြီး အင်္ဂလိပ်စကားတောင် တလုံးမှာ မသိပါဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ရပြီး ကျနော် ကြောက်လည်းကြောက်ခဲ့ရပါတယ်။ ဒါက ဘယ်လောက်တောင်ခက်ခဲကြမ်းတမ်းလဲဆိုတာကို ခင်ဗျားတို့ သိပါတယ်”

“ကျနော် ဘလက်ဘန်းမှာရော၊ ပို့စ်မောက်မှာရော ခြေစွမ်းစမ်းသပ်ခံခဲ့ပါတယ်။ သူတို့က ကျနော့်ကို တည်းခိုစရာနေရာပေးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်က အဲ့ဒီအချိန်ပဲ ကလေးပဲရှိသေးပြီး ဘာမှလည်း မသိပါဘူး။ ဒါက ကျနော့်အတွက် အင်္ဂလန်မြေက ပထမဆုံး အတွေ့အကြုံဖြစ်ခဲ့ပြီး ဆိုးရွားခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ အက်ဖ်စီဆိုးလ်၊ ဟမ်းဘတ်တို့မှာ လူငယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီးနောက် အခုလိုပဲ အင်္ဂလန်မြေမှာ ခြေစွမ်းလာရောက်စမ်းသပ်ခံခဲ့တာပါ။

ဒါပေမယ့် ဆွန်ဟောင်မင်က ဟမ်းဘတ်ကိုပဲ ပြန်သွားခဲ့ပြီး (၂၀၁၃) မှာ လေဗာကူဆင်၊ (၂၀၁၅) မှာ စပါးတို့ကို အဆင့်ဆင့်ပြောင်းရွှေ့ခဲ့ပါတယ်။ ဂျာမနီမြေက အတွေ့အကြုံနဲ့ ပတ်သက်လို့လည်း ဆွန်ဟောင်မင်က “လူတိုင်းက လက်ရှိအကြောင်းကိုပဲ ပြောနေကြပါတယ်။ ခင်ဗျားရဲ့ အသက် (၁၆) နှစ်အရွယ်က အတိတ်တွေ၊ ကိုယ့်နိုင်ငံကို စွန့်ခွာလာတုန်းက အချိန်တွေကို ဘယ်သူမှမစဥ်းစားကြပါဘူး”

“ကျနော့်အတွက် တကယ်ကိုဆိုးရွားပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်၊ အခက်ခဲဆုံး ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော် ဆုံးဖြတ်ချက်ချမှရမှာပါ။ အခွင့်အရေးတွေဆိုတာက နေ့တိုင်းမလာပါဘူး။ ကျနော် ဥရောပမှာ ကစားဖို့ အဆင်သင့်မဖြစ်ခဲ့ပေမယ့် ကစားချင်ခဲ့ပါတယ်။ တနေ့ကျ ကျနော် ပရီးမီးယားလိဂ်ကိုလာဖို့လည်း ဆန္ဒရှိခဲ့ပြီး ဒီအိပ်မက်ကိုဖြစ်အောင်လုပ်ရမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြောခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာတော့ ဆာလာနဲ့အတူ ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးနိုင်ခဲ့ပါပြီ။ ဒါဟာ ဥရောပရဲ့ ထိပ်သီးလိဂ် (၅) ခုမှာ ပထမဆုံးအနေနဲ့ အာရှသားတယောက်က ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က