မနေ့ညက ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲမှာတော့ ဘိုင်ယန်မြူးနစ်က ကင်မစ်ချ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် နှစ်ကျော့ပေါင်း ၃-၂ ဂိုးရလဒ်နဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်က ထွက်ခဲ့ရတာပါ။
ပထမအကျော့ အာဆင်နယ်ကွင်းမှာ နှစ်ဂိုးစီ သရေကျခဲ့ပြီး အခု ဒုတိယအကျော့ အလိုင်းယန့်ဇ်အရီနာမှာတော့ အိမ်ရှင် ဘိုင်ယန်မြူးနစ်က ဂရုတစိုက် ကစားခဲ့ပါတယ်။ ပွဲကစားချိန် (၆၃) မိနစ်မှာ ဂွါရဲရိုးရဲ့ ဖြတ်တင်ဘောကတစ်ဆင့် ကင်မစ်ချ်က ခေါင်းတိုက်သွင်းခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို နောက်တစ်ဆင့် တက်စေခဲ့ပါတယ်။
အာဆင်နယ်ကတော့ နောက်ပိုင်းမှာ ထရော့ဆက်ဒ်၊ ဂျေးဆုတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်နောက်တန်းနဲ့ ဂိုးသမားတို့ကို မကျော်နိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း သူတို့အတွက် နှစ်ပေါင်းများစွာကြာ ဝေးကွာနေခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ လွဲချော်ခဲ့ရပါတယ်။
အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်လည်း အကြိတ်အနယ်ဖြစ်နေတဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၀-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဖယ်ပေးခဲ့ရပါတယ်။
အခုချိန်မှာတော့ ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာကြောင့် အာဆင်နယ်တို့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ရေးကိုသာ အာရုံစိုက် ကြိုးစားရတော့မှာလည်း ဖြစ်ပါတယ်။