နိုဝင်ဘာအတွက် ပရီးမီးယားလိဂ်တလတာအကောင်းဆုံးနည်းပြဆုအတွက် ဂျရတ်က ဆန်ခါတင်ပါဝင်လာခဲ့တာပါ။

အက်စတွန်ဗီလာနည်းပြ ဂျရတ်ဟာ နိုဝင်ဘာအတွက် ပရီးမီးယားလိဂ်ရဲ့ တလတာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဂျရတ်ဟာ ပရီးမီးယားလိဂ်ကို နည်းပြအဖြစ် ပထမဆုံး ရောက်ရှိလာတဲ့လမှာပဲ အခုလိုမျိုး တလတာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့တာပါ။



အက်စတွန်ဗီလာဟာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရတဲ့နောက် နည်းပြဒင်းစမစ်ကို ရာထူးက ထုတ်ပယ်ပြီး ဂျရတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။ ဂျရတ်ဟာ နိုဝင်ဘာ (၂၀) မှာ ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ ဗီလာကို ပထမဆုံး ကိုင်တွယ်ခဲ့ပြီး အဲ့ဒီပွဲမှာ ဗီလာကလည်း ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

နိုဝင်ဘာ (၂၇) မှာ ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ အဝေးကွင်းပွဲမှာလည်း ဗီလာက ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဂျရတ်အနေနဲ့ နိုဝင်ဘာအတွင်း ဗီလာကို ကိုင်တွယ်ခဲ့တဲ့ ပွဲစဥ် (၂) ပွဲလုံးကို အနိုင်ကစားကာ အခုလိုပဲ လီဗာပူးနည်းပြ ကလော့ပ်၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့နဲ့အတူ ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့တာပါ။

ဒီကြားရက် (ဒီဇင်ဘာ ၂) မှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာတော့ ဗီလာတို့ အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ဂျရတ်အနေနဲ့ ဗီလာနည်းပြဘဝ ပွဲစဥ် (၃) ပွဲမှာ (၂) ပွဲနိုင်၊ (၁) ပွဲရှုံးရလဒ်ကို ရရှိထားပါတယ်။

ဂျရတ်ဟာ ကစားသမားဘဝတုန်းက လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို မဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တယောက်အဖြစ် သတ်မှတ်ခံထားရသလို အခုချိန်ထိ လီဗာပူး ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်နေဆဲပါ။

နိုဝင်ဘာအတွက် တလတာအကောင်းဆုံး ကစားသမားဆုမှာတော့ လီဗာပူးက အာနိုး၊ ဂျိုတာ၊ မန်စီးတီးက ကန်ဆယ်လို၊ ဘာနာဒိုဆေးလ်ဗားတို့နဲ့အတူ (၂) ယောက်စီပါဝင်လာခဲ့ပြီး ဗီလာက မက်ဂင်း၊ ဝက်ဖို့ဒ်က ဒန်းနစ်တို့လည်း ပါဝင်လာခဲ့တယ်လို့ သိရှိရပါတယ်။

Share

က္က