လူကာကူ စီးရီးအေကို ပြန်ဖို့ရှိတဲ့အကြောင်း အေးဂျင့်က ပြောကြားလာတာပါ။

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူဟာ သူ့ရဲ့ ကစားသမားဘဝ မပြီးဆုံးခင် တနေနေ့မှာ အီတလီ စီးရီးအေကို ပြန်လည် ပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ အေးဂျင့် ပတ်စတိုရီလိုက အတည်ပြုပြောကြားခဲ့ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီကမှ အင်တာမီလန်ကနေ ချဲလ်ဆီးကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၉၈) သန်း နဲ့ ရောက်ရှိလာခဲ့သူပါ။



ချဲလ်ဆီးလူငယ်ကစားသမားဟောင်းဖြစ်တဲ့ လူကာကူဟာ အဲဗာတန်၊ ဝက်စ်ဘရွန်း၊ ယူနိုက်တက်တို့နဲ့အတူ ပရီးမီးယားလိဂ် ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးပြီး ယူနိုက်တက် ကစားသမားဘဝမှာတော့ တော်တော်လေး ဝေဖန်ခံခဲ့ရပါတယ်။ အထူးသဖြင့် လူကာကူက ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးမှာ ကစားဖို့ အရည်အချင်းမမှီဘူးလို့ တော်တော်များများက ယူဆခဲ့တာပါ။

လူကာကူကို ပြန်မခေါ်ခင်ကလည်း ချဲလ်ဆီးပရိသတ်တွေက ကန့်ကွက်မှုရှိခဲ့ပေမယ့် အသင်းကတော့ မရမက ပြန်ခေါ်ခဲ့ပါတယ်။ အသက် (၂၈) နှစ်အရွယ် လူကာကူဟာ စက်တင်ဘာလလယ်ပိုင်းကစလို့ အခုချိန်ထိ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူနိုင်ခြင်းမရှိပါဘူး။

ကြားထဲမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို ချဲလ်ဆီးပရိသတ်တွေကလည်း လူကာကူအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ဒီလိုအချိန်မှာပဲ ပတ်စတိုရီလိုက “တနေ့နေ့မှာတော့ ကျနော်တို့ အားလုံး လူကာကူကို စီးရီးအေမှာ ပြန်လည်မြင်တွေ့ရပါလိမ့်မယ်”

“ဘာလို့လဲဆိုတော့ သူက အီတလီကို ချစ်မြတ်နိုးတယ်လေ။ ဒါပေမယ့် အခုချိန်မှာတော့ လူကာကူရဲ့ ခြေစွမ်းနဲ့ ချဲလ်ဆီးကို ပျော်ရွှင်စရာတွေ ပေးစွမ်းရဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

လူကာကူဟာ အင်တာမီလန်နဲ့ နောက်ဆုံး ဘောလုံးရာသီမှာ စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို လက်ရှိအချိန်မှာ စပါးကိုကိုင်တွယ်နေတဲ့ ကွန်တီနဲ့လည်း အကောင်းဆုံး အတွဲညီခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က