လက်စတာနဲ့ပွဲမှာ မြင်တွေ့ခဲ့ရတာပါ။

ယူနိုက်တက်ဟာ မနေ့ညက လက်စတာကို အဝေးကွင်းမှာ တဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ဆန်ချိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။



ယူနိုက်တက်အနေနဲ့ ရာသီအဖွင့်နှစ်ပွဲဆက်တိုက် ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့ကိုရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် (၂၀) အထိ ရောက်ရှိခဲ့သေးတာပါ။ ဒါပေမယ့် အခုချိန်မှာတော့ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာခဲ့ပြီး အသင်းကလည်း အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲစဥ်အစောပိုင်းတွေမှာ တန်ဟက်ခ်ရဲ့ ဒဿနအတိုင်း အကောင်းဆုံးပုံဖော်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ အသင်းက ပုံစံပျက်သွားခဲ့ပြီး မနေ့က လက်စတာနဲ့ပွဲမှာတော့ တန်ဟက်ခ်ကစားချင်တဲ့ပုံစံကို အကောင်အထည်ဖော်နေပြီလို့ ပရိသတ်တွေ ချီးကျူးခဲ့ကြပါတယ်။



ဒီပွဲမှာ ယူနိုက်တက်က ကစားပုံအကောင်းကြီးမဟုတ်သည့်တိုင် သူတို့အလိုရှိတဲ့အတိုင်း၊ တန်ဟက်ခ်ပုံဖော်လိုတဲ့အတိုင်း ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် (၂၆) မိနစ်မှာ ဒါကို တိတိကျကျ ပုံဖော်ခဲ့တယ်လို့ ဗီဒီယိုမှတ်တမ်းတွေက ဖော်ပြနေပါတယ်။ ယူနိုက်တက်ဟာ လက်စတာရဲ့ ဖိအားပေးမှုကို တချက်ထိအမြန်ပေးပုံစံနဲ့ (၇) ကြိမ်ဆက်တိုက် ကျော်ဖြတ်သွားခဲ့ပြီး တိုက်စစ်ကို အစပြုခဲ့တာဖြစ်ပါတယ်။

ဒီနေရာမှာ အီလန်ဂါ၊ ဒါလော့၊ အဲရစ်ဆင်၊ လီဆန်ဒရို၊ ဘရူနိုဖာနန်ဒက်စ်၊ မာလာစီယာတို့ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဒီဗီဒီယိုကလည်း ယူနိုက်တက်ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေညမှာတော့ အာဆင်နယ်နဲ့ ပွဲကြီးပွဲကောင်းအဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲမှာလည်း ပုံစံကောင်းပြနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ 

Share

Loading Next Article...
က္က