လီဗာပူးတို့ ဆာလာရဲ့တလုံးတည်းသောဂိုးနဲ့နိုင်ခဲ့တာပါ။

အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့အတူ ဒုတိယပိုင်းကတော့ ပထမပိုင်းထက် တော်တော်လေး ကြည့်ကောင်းခဲ့တဲ့ပွဲတပွဲဖြစ်ပါတယ်။ ပထမပိုင်းမှာလည်း နှစ်သင်းကြား အပြန်အလှန် တိုက်စစ်ဆင်ခဲ့ကြပေမယ့် အပိုင်အခွင့်အရေးတွေမရခဲ့တာကြောင့် သွင်းဂိုးတွေတော့ မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။



အိမ်ရှင် လီဗာပူးက နောက်တန်းမှာ အာနိုလ်းပွဲမထွက်နိုင်ပေမယ့် ရော်ဘတ်ဆန်ပါဝင်ခဲ့ပြီး မီလ်နာက အာနိုးလ်နေရာ ဝင်ကစားခဲ့ပါတယ်။ ဖိုဒန်က မီလ်နာကို အဓိက ထိုးနှက်ဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးဘက်က ကြီးကြီးမားမား အမှားအယွင်းမရှိခဲ့ပါဘူး။ လီဗာပူးက တိုက်စစ်မှာ နူးနက်ဇ်ကို အရန်ခုံမှာပဲ ထားခဲ့ပြီး ဆာလာ၊ ဂျိုတာ၊ ဖေမီနိုတို့ ပွဲထွက်ခဲ့ပါတယ်။

ကွင်းလယ်မှာ သီယာဂို၊ ဖာဘင်ဟို၊ အီလီယော့တို့ ပါဝင်ခဲ့ပြီး မန်စီးတီးကလည်း နောက်တန်းမှာ အကန်ဂျီ၊ ဒီယက်စ်၊ ကန်ဆယ်လို၊ အကီတို့ကို အသုံးပြုခဲ့ပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ ထွေထွေထူးထူး အပြောင်းအလဲမရှိခဲ့ဘဲ အန်ဖီးလ်မှာ လာရောက်ရင်ဆိုင်ခဲ့ပါတယ်။ နှစ်သင်းလုံးရဲ့ တိုက်စစ်ဆင်ပုံတွေ ကောင်းမွန်ပေမယ့် နှစ်သင်းလုံးနောက်တန်းရဲ့ အနေအထားက ပုံစံကောင်းပြခဲ့တာကြောင့် နောက်ဆုံးဖန်တီးပေးပို့မှုတွေကို တားဆီးနိုင်ခဲ့ပြီး ဂိုးတွေ အများကြီးမမြင်တွေ့ခဲ့ရတာပါ။

ဆာလာက ဂျိုတာကို မပေးဘဲ တကိုယ်ကောင်းဆန်ခဲ့သလို မန်စီးတီးရရှိခဲ့တဲ့ ဖိုဒန်ရဲ့သွင်းဂိုးကလည်း ခွင့်ပြုမခံခဲ့ရပါဘူး။ ဂျိုတာရဲ့ အနီးကပ်ခေါင်းတိုက်ချက် ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပြီး ဟာလန်း၊ ဆာလာတို့ရဲ့ ကန်ချက်တွေကလည်း ဂိုးမဖြစ်ခဲ့ပါဘူး။ ဒုတိယပိုင်းက တကယ်ကိုမျောခဲ့တဲ့ပွဲဖြစ်ပြီး မန်စီးတီးကတော့ ပိုမိုဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးပွဲဆိုတာက ကံသေကံမ ပြောလို့မရတဲ့အရာပါ။

အယ်လစ်ဆန် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ကန်ဆယ်လို တားတဲ့နေရာမှာ အားနည်းခဲ့ပြီး ဆာလာက ဒီအခွင့်အရေးကို တယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် အပိုင်အသုံးချသွားပြီး လီဗာပူးအတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ စည်းကြပ်ဒိုင်ကို အပြင်းအထန် စောဒကတက်ခဲ့တဲ့ ကလော့ပ် အထုတ်ခံခဲ့ရပါတယ်။ ပွဲရလဒ်ကလည်း အပြောင်းအလဲမရှိတာကြောင့် မန်စီးတီးတို့ ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ဦးဆောင်သူ အာဆင်နယ်နဲ့ (၄) မှတ် ကွာဟသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က