အာဆင်နယ်ဟာ ဒီနေ့ည ကစားမယ့် အဲဗာတန်နဲ့ ရာသီပိတ်ပွဲအပြီးမှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ဖို့အတွက် အစမ်းလေ့ကျင့်မှုတွေ ကြိုတင်ပြုလုပ်ထားကြောင်း သိရှိရပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိ အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။
လက်ရှိ အမှတ်ပေးဇယားမှာ ဦးဆောင်သူ မန်စီးတီးနဲ့ အာဆင်နယ်အကြား နှစ်မှတ်သာ ကွာဟပြီး အာဆင်နယ်က မန်စီးတီးထက် ဂိုးကွာခြားချက် အသာရထားပါတယ်။ အဲ့ဒါကြောင့်လည်း မန်စီးတီးသာ ဝက်စ်ဟမ်းကို သရေကျပြီး အာဆင်နယ်က အဲဗာတန်ကို အနိုင်ရခဲ့ရင် နှစ်သင်း အမှတ်တူသွားမှာပါ။
အဲ့ဒီအချိန်မှာ အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှာဖြစ်ပြီး မန်စီးတီးအနေနဲ့ အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို သရေတောင်ကျခွင့်မရှိတဲ့ အခြေအနေမျိုးကို ရောက်ရှိနေပါတယ်။ နှစ်သင်းစလုံးရဲ့ အိမ်ကွင်းမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့ ဆုတံဆိပ်တွေကိုလည်း ထားရှိသွားမှာပါ။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ရင် မနက်ဖြန်မှာ လန်ဒန်မြို့တွင်း အမိုးဖွင့်ကားနဲ့ လှည့်ပတ်အောင်ပွဲခံဖို့အတွက်လည်း အစီအစဉ်ဆွဲထားပါတယ်။ လက်ရှိထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရတော့ အာဆင်နယ်ကွင်း အမ်းမရိတ်စ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုပေးပွဲ အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုတွေ ပြုလုပ်ထားတာကို မြင်တွေ့ရပါတယ်။
လိုအပ်တဲ့ ဘန်နာတွေ၊ အခင်းအကျင်းတွေကို ပုံမှန်ပြုလုပ်နေကျအတိုင်း ပြင်ဆင်ထားပြီး အာဆင်နယ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရင် အစီအစဉ်တွေ ကမောက်ကမ မဖြစ်ဖို့ ကြိုတင် စီစဉ်ထားတာပါ။ ဒီနေ့ညမှာ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အံ့အားသင့်ဖွယ် ဆွတ်ခူးနိုင်မလားပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။