လက်ရှိ ဘာစီလိုနာမှာ ကစားနေတဲ့ အဂွေရိုဟာ နှလုံးရောဂါကြောင့် ကစားသမားဘဝက အနားယူရဖွယ်ရှိနေပြီလို့ သိရှိရပါတယ်။ ဒီသတင်းတွေကိုတော့ စပိန် အခြေစိုက်သတင်းဌာနတွေက ကျယ်ကျယ်လောင်လောင် ဖော်ပြလာခဲ့တာပါ။
အဂွေရိုဟာ ဒဏ်ရာက ပြန်လည်သက်သာလာပြီး မကြာခင်မှာပဲ အခုလိုဖြစ်ရပ်မျိုးနဲ့ ကြုံနေရတာလည်းဖြစ်ပါတယ်။ အလာဗက်စ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ စပိန်လာလီဂါအိမ်ကွင်းပွဲမှာ အဂွေရိုက ပထမပိုင်းမပြီးခင်မှာတင် အမောဖောက်လာတာကြောင့် လူစားလဲခဲ့ရပါတယ်။
အဲ့ဒီပွဲအပြီး ဆေးစစ်ချက်မှာ အဂွေရိုရဲ့ နှလုံးခုန်နှုန်းက ပုံမှန်မဟုတ်တာကြောင့် အနည်းဆုံး (၃) လ အနားယူရမယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး အသေးစိတ် ဆေးစစ်မှုတွေ ထပ်မံပြုလုပ်ပြီးချိန်မှာတော့ အခုလိုပဲ ကစားသမားဘဝက အနားယူရမယ်လို့ပါ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ ဘာစီလိုနာအမျိုးသမီးအသင်းက ကာရိုလိုင်းဂရေဟမ်ဟန်ဆန်ကလည်း အဂွေရိုနဲ့ လက္ခဏာတူရောဂါကို ခံစားနေရပါတယ်။
ဒါပေမယ့် အဲ့ဒီအမျိုးသမီးရဲ့ ရောဂါအနေအထားက အရမ်းပြင်းထန်မှုမရှိဘဲ မကြာခင်မှာပဲ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မှာပါ။ အဂွေရိုကတော့ ရောဂါအခြေအနေပိုမိုပြင်းထန်ပြီး ရှုပ်ထွေးလွန်းတာကြောင့် ဘောလုံးလောကကို စွန့်လွှတ်ရဖို့ရှိနေပါတယ်။
လက်ရှိအချိန်မှာ အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဂွေရိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ မန်စီးတီးကနေ ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၆) ကြိမ်၊ လိဂ်ဖလား (၆) ကြိမ်နဲ့ FA ဖလား (၁) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့တဲ့ အဂွေရိုဟာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၈၄) ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
ဒါဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် နိုင်ငံခြားကစားသမားတွေထဲမှာ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်နေတာပါ။ ဒါ့အပြင် မန်စီးတီးအတွက် တစ်ကျော့ပြန် ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးရယူပေးခဲ့တဲ့ (၂၀၁၁-၁၂) ဘောလုံးရာသီရဲ့ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်မှာ QPR ဘက်ကို သွင်းယူခဲ့တဲ့ အဂွေရိုရဲ့သွင်းဂိုးက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဘယ်တော့မှ မေ့လို့ရမှာမဟုတ်တဲ့ အသည်းခွဲဂိုးအဖြစ်လည်း သမိုင်းဝင်နေဆဲလည်းဖြစ်ပါတယ်။