အာဆင်နယ်ကစားသမားဟောင်းတွေ၊ အငှားချထားသူတွေ ခြေစွမ်းပြနေတာပါ။

ဒီတပတ်ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲမှာတော့ မာဆေးလ်က နိုက်စ်ကို အဝေးကွင်းမှာ ၃ဂိုးပြတ်နဲ့ နိုင်ပွဲရရှိခဲ့ပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။ ၄ပွဲကစားပြီးချိန်မှာ မာဆေးလ်က ၃ပွဲနိုင်၊ ၁ပွဲသရေကျထားပြီး ၁၀ မှတ်ရရှိထားကာ ပီအက်စ်ဂျီနဲ့ ရမှတ်တူ၊ ဂိုးကွာအနေအထားနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေကာ ရာသီအစောပိုင်းကို ကောင်းကောင်းကြီးစတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

နိုက်စ်နဲ့ပွဲမှာတော့ မာဆေးလ်အတွက် ကစားသမားသစ် အလက်ဆစ်ဆန်းချက်ဇ်က ခြေစွမ်းပြခဲ့ပြီး သွင်းဂိုး ၂ ဂိုးရယူပေးခဲ့ကာ ပြင်သစ်လိဂ်မှာ ပထမဆုံးဂိုးတွေရရှိခဲ့ပြီဖြစ်ပါတယ်။ နောက်ထပ်တဂိုးကိုတော့ နူနိုတာဗာရက်စ်က သွင်းယူပေးခဲ့ပြီး တိုက်ဆိုင်တာကတော့ မာဆေးလ်အတွက် ဂိုးသွင်းခဲ့သူတွေဟာ အာဆင်နယ်ကစားသမားဟောင်းနဲ့ အာဆင်နယ်ကနေ အငှားနဲ့လာရောက်ကစားနေသူဖြစ်ပါတယ်။ 

ဆန်းချက်ဇ်ကတော့ အာဆင်နယ်မှာ ခြေစွမ်းပြကစားခဲ့ဖူးသူဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးဖြစ်ခဲ့သူပါ။ တာဗာရက်စ်ကလည်း ဒီရာသီမှာ မာဆေးလ်ကို အငှားနဲ့လာကစားနေတာဖြစ်ပြီး နိုက်စ်နဲ့ပွဲမှာတော့ ခြေစွမ်းပြခဲ့ကြပါတယ်။ ဒါ့အပြင် အာဆင်နယ်ကွင်းလယ်လူဟောင်းဂွမ်ဒူဇီကလည်း ဆန်းချက်ဇ်အတါက် သွင်းဂိုးတဂိုးဖန်တီးပေးခဲ့ပါသေးတယ်။ 

ပရီးမီးယားလိဂ်မှာ အာဆင်နယ်တို့ ၄ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီး ခြေစွမ်းပြနေမှုနဲ့အတူ မာဆေးလ်မှာလည်း အာဆင်နယ်ကစားသမားဟောင်းတွေ၊ အငှားချထားသူတွေက ခြေစွမ်းပြချိန်နဲ့ ထူးထူးခြားခြားတိုက်ဆိုင်နေခဲ့တာဖြစ်ပါတယ်။ ဆန်းချက်ဇ်ကတော့ ဒီရာသီမှာ မာဆေးလ်ကို အလွတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လီဂူးသွင်းဂိုးတွေကို စောစ​ောစီးစီပဲ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

လီဂူးမှာ ဂိုးပြတ်နိုင်ပွဲတွေရရှိနေတဲ့ ပီအက်စ်ဂျီဟာ ဒီမနက်ပိုင်းကစားခဲ့တဲ့ မိုနာကိုနဲ့ပွဲမှာတော့ အိမ်ကွင်းမှာ အနိုင်မရခဲ့ဘဲ ၁ ဂိုးစီသရေသာကစားနိုင်ခဲ့လို့ မာဆေးလ်အတွက်တော့ အခွင့်အရေးကောင်းဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က