မေ (၂၉) မှာ လီဗာပူးတို့ အောင်ပွဲခံမှာပါ။

လီဗာပူးဟာ လာမယ့်အပတ်မှာ လီဗာပူးမြို့တွင်း သူတို့ရဲ့ အောင်ပွဲခံအခမ်းအနားကို ကျင်းပသွားမယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။ ဒါဟာ လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်ရော၊ ချန်ပီယံလိဂ်ရော မရရင်တောင်မှ မြို့တွင်းမှာ လှည့်လည်အောင်ပွဲခံသွားမယ်လို့ အတည်ပြုခဲ့တာပါ။



လီဗာပူးဟာ လက်ရှိဘောလုံးရာသီမှာ ဆုဖလားလေးလုံး မျှော်လင့်နေတဲ့ အသင်းတသင်းပါ။ နည်းပြကြီး ကလော့ပ်ရဲ့ အသင်းဟာ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးကိုချည်းပဲ အနိုင်ယူကာ ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားအတွက် အခုလာမယ့် တနင်္ဂနွေ၊ ချန်ပီယံလိဂ်ဖလားအတွက် မေ (၂၈) တို့မှာ အဆုံးအဖြတ်ခံယူရမှာပါ။

ပရီးမီးယားလိဂ်ဖလားအတွက် လီဗာပူးအနေနဲ့ မန်စီးတီးထက် တမှတ်လျော့နေပြီး နောက်ဆုံးလက်ကျန်ပွဲမှာ ကိုယ်တိုင်လည်း အနိုင်ကန်၊ မန်စီးတီးခြေချော်တာကိုလည်း စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ်နဲ့ လာမယ့် မေ (၂၈)၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ကစားရမှာပါ။

ဒီဖလားနှစ်လုံးကတော့ လီဗာပူးအတွက် မသေချာသေးတဲ့ ဆုဖလားတွေဖြစ်ပေမယ့် အသင်းအနေနဲ့ကတော့ လာမယ့် မေ (၂၉) မှာ မြို့တွင်း လှည့်လည်အောင်ပွဲခံသွားမယ်လို့ သိရပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး နောက်တရက်လည်းဖြစ်ပါတယ်။ လီဗာပူးမြို့တော်ဝန် အန်ဒါဆန်ကလည်း ဒီအခမ်းအနားအအတွက် လီဗာပူးအသင်းကို ဖိတ်ခေါ်ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ဒီအစီအစဥ်မှာ လီဗာပူးအမျိုးသားအသင်းပဲ ပါဝင်မှာမဟုတ်ဘဲ လိဂ်ချန်ပီယံဖြစ်ထားပြီး အမျိုးသမီး စူပါလိဂ်ကို သွားရောက်ကစားခွင့်ရထားတဲ့ လီဗာပူးအမျိုးသမီးအသင်းလည်း ပါဝင်လိမ့်မယ်လို့ သိရှိရပါတယ်။ စတင်မယ့်အချိန်ကတော့ ညနေ (၄) နာရီဖြစ်ပြီး အောင်ပွဲခံမယ့်လမ်းတလျှောက် အကွာအဝေးက (၁၃.၅) ကီလိုမီတာပါ။

လီဗာပူးအနေနဲ့တော့ ဒီလိုမျိုး အောင်ပွဲခံတဲ့နေရာမှာ ဆုဖလားနှစ်လုံးနဲ့ပဲ အောင်ပွဲခံနိုင်မလား၊ လက်ကျန်ဆုဖလားတွေနဲ့ပါ တပါတည်း အောင်ပွဲခံနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က