ယူနိုက်တက်နဲ့အာဆင်နယ်တို့ရဲ့ ဂန္တဝင်ကြီးတွေ ရွေးချယ်ခံခဲ့ရတာပါ။

ယူနိုက်တက်ဂန္တဝင် ရွန်းနီနဲ့ အာဆင်နယ်ဂန္တဝင် ဗီယာရာတို့ဟာ ပရီးမီးယားလိဂ်ရဲ့ (၂၀၂၂) အတွက် Hall of Fame မှာ ပထမဆုံးအနေနဲ့ ထည့်သွင်းဂုဏ်ပြုခံရတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားနှစ်ယောက်လုံးဟာ ယူနိုက်တက်နဲ့အာဆင်နယ်တို့ရဲ့ အသင်းခေါင်းဆောင်တွေဖြစ်ခဲ့ပြီး အသင်းအတွက် အပြည့်အဝပေးဆပ်ခဲ့ကြသူတွေပါ။



(၁၉၉၂) မှာ ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းပြီးနောက်ပိုင်း ရွန်းနီက ပရီးမီးယားလိဂ်ရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဒုတိယနေရာက ရပ်တည်နိုင်ခဲ့သလို ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းမှာလည်း တတိယနေရာက ရပ်တည်နေပါတယ်။ ရွန်းနီဟာ အင်္ဂလန်လက်ရွေးစင်အတွက်ရော၊ ယူနိုက်တက်အတွက်ပါ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဗီယာရာကလည်း ပရီးမီးယားလိဂ်သမိုင်းရဲ့ ထာဝရအကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ရှုံးပွဲမရှိ စံချိန်နဲ့ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်တယောက်ဖြစ်ခဲ့ပြီး အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ဖလား (၃) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီလိုမျိုး Hall of Fame မှာ ထည့်သွင်းခံရတာနဲ့ ပတ်သက်လို့ ရွန်းနီက “ကျနော့်အတွက် ကြီးမားတဲ့ဂုဏ်ယူစရာပါ။ ကျနော့်အိပ်မက်က ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်ဖို့၊ ဂိုးတွေသွင်းယူနိုင်ဖို့၊ ဆုဖလားတွေ ရယူနိုင်ဖို့ပါ။ ပရီးမီးယားလိဂ်ဖလားကို (၅) ကြိမ် ဆွတ်ခူးနိုင်တဲ့အထိ ကျနော် ကံကောင်းခဲ့ပါတယ်။ အဲဗာတန်၊ ယူနိုက်တက်တို့အတွက် ကစားရင်း အံ့အားသင့်စရာ အမှတ်တရတွေရှိခဲ့ပါတယ်”

“ဒီလိုမျိုး သတ်မှတ်ခံရတဲ့အတွက် တကယ်ဂုဏ်ယူမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဗီယာရာကလည်း “ဒီသတင်းကိုကြားချိန်မှာ ကျနော်တွေးမိတာက ဆီနီဂေါမှာ ကစားနေတဲ့ကောင်လေး၊ ပဲရစ်မှာ အရံခုံထိုင်နေရတဲ့ ကောင်လေးအကြောင်းပါပဲ။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမားတွေနဲ့ အတူရှိဖို့ဆိုတာက ကျနော် စိတ်ကူးထားတာထက် အများကြီးပိုတဲ့အရာပါ”

“အွန်နရီ၊ ဘားကမ့်တို့လို ကစားသမားတွေနဲ့ တခေတ်တည်းကစားခဲ့ရတာ၊ သူတို့နဲ့အတူ အောင်ပွဲခံနိုင်ခဲ့တာတွေက တကယ်ကောင်းမွန်တဲ့ ကစားသမားဘဝကို ခံစားမိစေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မနှစ်တုန်းက ပရီးမီးယားလိဂ်ရဲ့ Hall of Fame အတွက် နယူးကာဆယ်ဂန္တဝင် အလန်ရှီးယား၊ အာဆင်နယ်ဂန္တဝင် အွန်နရီတို့ ရွေးချယ်ခံခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က