ပရီးမီးယားလိဂ်ရဲ့ အသင်းတသင်းတည်းမှာ ကစားနေတဲ့ ကစားသမားနှစ်ယောက်ဟာ ချစ်ကြိုက်နေကြပြီး လိင်တူချစ်သူတွေဖြစ်ကြောင်း ဗြိတိန်အခြေစိုက်သတင်းဌာနတွေက ဒီကနေ့မှာ အပြိုင်အဆိုင် ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်က ဘယ်သူဘယ်ဝါဆိုတာကို ဖော်ထုတ်ခဲ့ခြင်းတော့ မရှိပါဘူး။
ဒါပေမယ့် ဒါဟာ ပရီးမီးယားလိဂ်အတွက် ပထမဆုံးဖြစ်လာခဲ့ပြီး သူတို့နှစ်ယောက်နဲ့ပတ်သက်လို့ အသင်းဖော်တွေ၊ နည်းပြနဲ့ အသင်းရဲ့ အကြီးအကဲတွေကပါ အားပေးထောက်ခံထားကြောင်း သိရှိရပါတယ်။ သတင်းရင်းမြစ်က “သူတို့နှစ်ယောက်က အသင်းဖော်တွေဆီကို ဖုံးကွယ်ထားစရာ အကြောင်းမရှိဘူးလို့ ယူဆခဲ့ကြပါတယ်။ ဘယ်သူကမှလည်း သူတို့ကို ဒီကိစ္စနဲ့ပတ်သက်လို့ အနှောင့်အယှက်မပေးကြပါဘူး”
“ဒါ့အပြင် နည်းပြနဲ့ အသင်းအကြီးအကဲတွေကလည်း သူတို့ဘက်ကနေ အားပေးထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် လူသိရှင်ကြား မကြေညာဖို့တော့ သူတို့ ဆုံးဖြတ်ထားကြပါတယ်။ ဒါက ရှက်စရာကိစ္စမဟုတ်သည့်တိုင်အောင်ပေါ့။ ဒီရာသီမှာတော့ သူတို့က ဘောလုံးတခုတည်အပေါ်မှာပဲ အာရုံစိုက်လိုကြပါတယ်။ ကြေညာချက်ထုတ်လိုက်ရင် အပြုသဘောဆောင်နိုင်ပေမယ့် ကွင်းထဲက သူတို့ရဲ့ စွမ်းဆောင်ရည်တွေအပေါ် အာရုံမစိုက်နိုင်တာမျိုးဖြစ်သွားနိုင်ပါတယ်”
“သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ကာကွယ်ဖို့အတွက် ဒီအကြောင်းကို လူသိရှင်ကြားထုတ်မပြောဖို့ အသင်းဖော်တွေကိုလည်း ပြောကြားထားပြီးသားပါ။ အခုကိစ္စက လိင်တူချစ်သူ ကစားသမားတွေအတွက် ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်လာနိုင်ပါတယ်။ ဘောလုံးလောကမှာရှိတဲ့ လူတိုင်းက ဒီအကြောင်းကို ပြောဖြစ်ကြပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဘလက်ပူးလ်က လူငယ်ကြယ်ပွင့် ဂျက်ဒန်နီယဲယ်ကလည်း သူ့အသင်းဖော်တွေရဲ့ ထောက်ခံမှုကို ရရှိခဲ့တဲ့နောက် သူဟာ လိင်တူချစ်သူတယောက်ဖြစ်ကြောင်း ပြီးခဲ့တဲ့မေလအတွင်းက ဖွင့်ဟကြေညာခဲ့ပါတယ်။ အင်္ဂလန်ဂန္တဝင်ဟောင်း ဂယ်ရီလိုင်နီကာကလည်း ပရီးမီးယားလိဂ် ကစားသမားတယောက် ဒါမှမဟုတ် နှစ်ယောက်လောက်က သူတို့ကိုယ် သူတို့ လိင်တူချစ်သူဖြစ်ကြောင်း ဖွင့်ဟဝန်ခံဖို့ နီးစပ်နေတာကို သိရှိထားကြောင်း ပြီးခဲ့တဲ့လအတွင်းက ပြောကြားခဲ့ဖူးပါတယ်။