MWC 2022 မှာ မိတ်ဆက်လာတဲ့ ထုတ်ကုန်တွေထဲမှာ Huawei ရဲ့ Flagship တန်းဝင် MateBook မော်ဒယ်သစ်လည်း ပါဝင်လာပါတယ်။
ဘာစီလိုနာ MWC ပွဲအတွက် စိတ်ဝင်စားဖို့အကောင်းဆုံး Laptop တစ်လုံးအဖြစ် တွေ့ရတဲ့ Huawei MateBook X Pro ဟာ တန်ဖိုးမြင့် ပရီမီယံလက်ပ်တော့ဈေးကွက်ထဲက Apple ထုတ် MacBook အတွက် ပြိုင်ဘက်လို့ ဆိုနိုင်င်ပါတယ်။ Windows 11 စနစ်သုံးထားတဲ့ ဒီ Laptop ဟာ အရင်နှစ် MateBook X Pro ရဲ့ ၁၃.၉ လက်မဆိုဒ်ကနေ ၁၄.၂ လက်မဆိုဒ်ကို ပြောင်းလာပြီး ပိုပါးလွှာပေါ့ပါးလာအောင် တည်ဆောက်ထားတာပါ။
Photo: GSMArena
Display ရုပ်ထွက်ကတော့ 3K (3120 x 2080px) ရုပ်ထွက်ပဲ ဖြစ်ပြီး LCD Touchscreen နဲ့ လာပါတယ်။ တောက်ပမှု Brightness Nits 500 ရှိပြီး Screen တစ်ခုလုံး P3 Color Gamut လွှမ်းခြုံမှုရှိပါတယ်။ ကာလာတိကျမှုနဲ့ ရုပ်ထွက်ချိန်ညှိမှုပိုင်းမှာ High-End နည်းပညာအဆင့်မှီအောင် ထုတ်ထားတယ်လို့ ဆိုပါတယ်။ Screen Refresh Rate 90Hz သုံးထားပြီး လက်ပ်တော့တစ်လုံးမှာ တွေ့ရမယ့် အကောင်းဆုံး Panel ဖြစ်တယ်လို့ လည်း ကုမ္ပဏီက ဆိုပါတယ်။
Bezel ဘောင်တွေကို ပါးနိုင်သမျှ ပါးထားတာ တွေ့ရပြီး အပေါ်ဘက် 6mm ထူတဲ့ Bezel မှာ HD Webcam တစ်ခု တပ်ဆင်ထားပါတယ်။ Huawei ရဲ့ အဆိုအရ Screen နဲ့ ကိုယ်ထည်အချိုး ၉၂.၅% အထိ ရှိတယ်လို့ သိရပါတယ်။ ကိုယ်ထည်ကို Metal Body နဲ့ ထုတ်ထားပြီး အထူဆုံးနေရာမှ 15.5mm ပဲ ရှိပါတယ်။ Huawei ကုမ္ပဏီဟာ ၂၀၂၂ မော်ဒယ် MateBook X Pro မှာ စပီကာ ၆ လုံးတပ်ဆင်ထားပြီး လေအဝင်အထွက် Airflow ဟာ အရင်မော်ဒယ်ထက် ၆၀% ပိုကောင်းလာတယ်လို့ ဆိုပါတယ်။
လုံခြုံရေးအတွက် ပါဝါခလုတ်အတွင်းမှာ Fingerprint Scanner တပ်ဆင်ထားတဲ့အပြင် WebCam မှာ အနီအောက်ရောင်ခြည်အာရုံခံတွေရဲ့ အကူအညီနဲ့ မျက်နှာပြင်ဖတ်နည်းပညာသုံးပြီး Windows Hello login ဝင်နိုင်တဲ့စနစ် ပံ့ပိုးထားပါတယ်။ အားသွင်းစနစ်ကိုလည်း အရင် 65W ကနေ 90W ကို မြှင့်တင်ထားလို့ ၁၅ မိနစ်အားသွင်းထားတာနဲ့ သုံးနာရီကြာအောင် အသုံးပြုနိုင်မယ်လို့လည်း ပြောပါတယ်။
Photo: Huawei Consumer
MateBook X Pro သစ်မှာ အားနည်းချက်တစ်ခုအနေနဲ့ Core i7 11th Gen Rocket Lake Intel Chip သုံးထားတာ ဖြစ်ပြီး အရင်နှစ်မော်ဒယ်က 12th Gen Alder Lake Chip နဲ့လာပါတယ်။ onBoard Iris Xe GPU နဲ့အတူ LPDDR4x RAM 16GB နဲ့ 1TB M2 SSD အထိ ထွက်ထားပါတယ်။ Processor အပူထိန်းချုပ်ဖို့ Cooling System ဟာ Air Intakes သုံးခု ၊ Dual Shark Fin ပန်ကာနှစ်ခုနဲ့ Vapor Chamber အပူစွန့်ထုတ် Module တို့နဲ့ ဖွဲ့စည်းထားပါတယ်။
တခြား အသွင်း/အထုတ် I/O Features တွေအနေနဲ့ USB 3.2 နှစ်ခုအပါအဝင် USB-C port ၄ ခုနဲ့ Headphone Jack တစ်ခုတို့ ပါရှိပါတယ်။ MateBook X Pro 2022 ကို ၁၈၉၉ ယူရို (မြန်မာငွေ ၃၈ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။