Huawei ရဲ့ တရုတ်အွန်လိုင်းစတိုးကနေ Refurbished ပြန်ထုတ်ထားတဲ့ စမတ်ဖုန်းတွေ ရောင်းချနေပြီလို့ ဆိုပါတယ်။
Refur အလုံးတွေ ဖြစ်တဲ့အတိုင်း နာမည်ကြီး Huawei High-End ဖုန်းတွေကို မူရင်းဈေးထက် သက်သာတဲ့ဈေးနဲ့ ဝယ်နိုင်မှာပါ။ လောလောဆယ် Huawei အွန်လိုင်းစတိုးမှာ Refur မော်ဒယ် ၈ မျိုး တင်ထားတယ်လို့ Gizmochina သတင်းက ဖော်ပြပါတယ်။
အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် စမတ်ဖုန်းထုတ်လုပ်ရေးအခက်တွေ့နေတဲ့ Huawei အတွက် ဖုန်းသစ်တွေ များများစားစား မထုတ်နိုင်ချိန်မှာ အခုလို ထုတ်ပြီးသား တန်ဖိုးကြီးဖုန်းတွေကို Refur ပြန်ထုတ်လာတာလည်း ဖြစ်ပါတယ်။ Refur ထုတ်လိုက်တဲ့ စမတ်ဖုန်းတိုင်းဟာ ရာနှုန်းပြည့် ပစ္စည်းအစစ်အမှန်တွေ သုံးထားပြီး ဘက်ထရီလည်း အသစ်ပဲ ထည့်ထားတယ်လို့ ကုမ္ပဏီရဲ့ Weibo ပို့စ်မှာ ဖော်ပြထားပါတယ်။
Refur မော်ဒယ်တွေဟာ HarmonyOS 2.0 Update တင်ပေးထားပြီး Huawei ရဲ့ အရည်အသွေးစည်းကြပ်မှုကို သေချာစစ်ဆေးမှုခံယူပြီးသား ထုတ်ကုန်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဖုန်းတိုင်းကို အထူးစမ်းသပ်မှုပေါင်း ၁၂၀ ကျော်နဲ့ စစ်ဆေးထားပြီး ပစ္စည်းအာမခံ ၁ နှစ်ပေးထားတယ်လို့လည်း ကုမ္ပဏီက ကြေညာပါတယ်။ ITHome ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ Refur တချို့အလုံးတွေမှာ အစင်းကြောင်းသေးသေးထင်တာ ၊ ကွေးတာနဲ့ မဆိုစလောက် ထိခိုက်ထားတာမျိုး ပါနိုင်တယ်လို့လည်း ဆိုပါတယ်။
Vmall ပေါ်မှာ ရောင်းနေတဲ့ စာရင်းအရ ဈေးအကြီးဆုံး Huawei Mate 30 RS Porsche Design ဟာ ယွမ်၉၇၀၀ (မြန်မာငွေ၂၇ သိန်းကျော်) တန်း ဈေးက စတင်ပြီး Huawei P30 ဟာ ယွမ် ၂၆၀၀ (မြန်မာငွေ ၇ သိန်းကျော်) ဈေးတွေ သတ်မှတ်ထားပါတယ်။ တရာဝင်အသိအမှတ်ပြုထောက်ခံချက်ပါ Huawei Refur စမတ်ဖုန်းတွေကို ကုမ္ပဏီရဲ့မိတ်ဖက် Shenzhen Huihuibao Technology တို့က ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။