လက်ရွေးစင်အသင်းဖော်နေမာကို ချယ်လ်ဆီးဆီလာဖို့ တိုက်တွန်းလိုက်တာပါ။

ပီအက်စ်ဂျီအသင်းဖော်ဟ​ောင်းနေမာအနေနဲ့ သူ့လိုမျိုး ချယ်လ်ဆီးကို ပြောင်းရွှေ့လာသင့်တယ်လို့ နောက်ခံလူသီယာဂိုဆေးလ်ဗားက ပြောဆိုလိုက်ပါတယ်။ နေမာဟာ ပြင်သစ်ကလပ်ကနေ ထွက်ခွာဖို့အတွက် သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသူ ဖြစ်ပြီး ဒီနေ့မှာပဲ အသင်းဘက်က သူ့အတွက် တနှစ်လုပ်ခလစာပေါင် ၂၄ သန်းကို မပေးချင်ချင်တော့ဘူးလို့ သတင်းတွေထပ်ထွက်လာခဲ့ပါတယ်။ 

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်တိုက်စစ်မှူးနဲ့ သီယာဂိုဆေးလ်ဗားတို့က ပီအက်စ်ဂျီမှာရော၊ လက်ရွေးစင်အသင်းမှာပါ အတူတကွကစားခဲ့ဖူးသူတွေဖြစ်ပါတယ်။ ဘရာဇီးလ်သတင်းဌာန Recife နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နေမာရဲ့သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းမှုကို သီယာဂိုဆေးလ်ဗားက ချယ်လ်ဆီးကိုပြောင်းလာဖို့အတွက် တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"သူ ချယ်လ်ဆီးကို သွားသင့်တယ်၊ တကယ်လို့သာ သူ ရောက်လာမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်လာမှာပါ၊ သူ့အတွက် ဘာမှတ်ချက်မှမလိုအပ်ပါဘူး၊ လက်ရှိအခြေအနေကိုလည်း ကျနော်မသိပါဘူး၊ ဒါပေမယ့် အောင်မြင်မယ်လို့တော့ ကျနော်မျှော်လင့်ပါတယ်" လို့ သီယာဂိုဆေးလ်ဗားက ပြောဆိုခဲ့ပါတယ်။ ချယ်လ်ဆီးဟာ ဒီနွေရာသီမှာ ကစားသမားသစ်အများအပြားကိုချိတ်ဆက်နေရာမှာ နေမာလည်းပါဝင်နေတယ်လို့ Mirror က ဆိုပါတယ်။ 

အင်္ဂါနေ့ညနေပိုင်းက ထွက်ပေါ်ခဲ့တဲ့သတင်းတွေမှာတော့ ချယ်လ်ဆီးက ရာဖင်ဟာကို လိဒ်ယူနိုက်တက်ကနေ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရဖို့ အေးဂျင့်ဖြစ်သူ ဒေကိုနဲ့ ဆွေးနွေးနေပြီး နေမာသာရောက်လာမယ်ဆိုရင် ချယ်လ်ဆီးမှာ ဘရာဇီးလ်အသင်းဖော်တွေရှိနေလို့ အလွယ်တကူပဲ အထိုင်ကျဖွယ်ရှိနေပါတယ်။ 

RMC Sport ကလည်း ပီအက်စ်ဂျီက နေမာမပါဝင်တဲ့ လူစာရင်းနဲ့ အသင်းကိုပြန်လည်တည်ဆောက်ချင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ နေမာအသင်းကထွက်နိုင်လားဆိုတဲ့ မေးခွန်းကိုတော့ ပီအက်စ်ဂျီဥက္ကဌက ဖြေဆိုခြင်းမရှိခဲ့ဘဲ ကစားသမားတွေဆီကနေ မနှစ်ကထက်ပိုတဲ့စွမ်းဆောင်ရည်မျိုးကိုသာ မျှော်လင့်ထားတယ်လို့ ကွေ့ပတ်ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က