လီဗာပူးပရိသတ်တွေဟာ မနေ့ညက လိဒ်စ်ကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အမှားကျူးလွန်ခဲ့တဲ့ နောက်ခံလူ ဂျိုးဂိုးမက်ဇ်ကို ဝေဖန်ပြောကြားနေကြပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန်အစောပိုင်းမှာတင် ဂျိုးဂိုးမက်ဇ်ရဲ့ အမှားကတဆင့် လိဒ်စ်တိုက်စစ်ကစားသမား ရိုဒရီဂိုက ဦးဆောင်ဂိုးကို လွတ်လွတ်ကျွတ်ကျွတ် သွင်းယူသွားခဲ့ပါတယ်။
ဂိုးမက်ဇ်ဟာ ကွင်းဘေးစည်းနားကတဆင့် ဧရိယာထဲမှာရှိတဲ့ အသင်းဖော် ဂိုးသမား အယ်လစ်ဆန်ထံ ဘောလုံး ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ ပေးပို့လိုက်တဲ့ ဘောလုံးက အယ်လစ်ဆန်ထံ မရောက်ခဲ့ဘဲ အယ်လစ်ဆန်ကလည်း ချော်လဲသွားခဲ့တာကြောင့် ရိုဒရီဂိုက လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေးရသွားခဲ့တာပါ။
ဂိုးမက်ဇ်အနေနဲ့ ဂိုးသမားဆီ ပြန်ပေးတဲ့နေရာမှာ အယ်လစ်ဆန်ရဲ့ နေရာယူပုံကို အကဲမခတ်ခဲ့ဘဲ အယ်လစ်ဆန် အားမသန်တဲ့ ဘယ်ခြေတည်ချက်ကို ဘောလုံးပေးခဲ့တာဖြစ်ပါတယ်။ အယ်လစ်ဆန်ရဲ့ အမှားလည်း မကင်းခဲ့ပေမယ့် ဂိုးမက်ဇ်ကတော့ ဒီဖြစ်ရပ်အတွက် ပိုပြီး အပြစ်ကြီးခဲ့တယ်လို့ လီဗာပူးပရိသတ်တွေက ယူဆနေကြပါတယ်။
လီဗာပူးပရိသတ်တွေက “ဂိုးမက်ဇ်ကို မသုံးပါနဲ့တော့” “တကယ်ကို ရှက်ဖို့ကောင်းပါတယ်” “ဒါမျိုးက အခုမှဖြစ်တာလည်း မဟုတ်တော့ဘူး” “တပွဲလောက်ကောင်းပြီးရင် ဖြစ်တော့တာပဲ။ သူက ခြေစွမ်းပိုင်း တော်တော်လေးကို မတည်ငြိမ်တာပါ” အစရှိသဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ရေးသားနေကြပါတယ်။
လီဗာပူးဟာ ဒီရာသီမှာ နောက်တန်းကစားသမားတယောက်ပြီးတယောက် ဒုက္ခပေးတာခံနေရတဲ့ အသင်းလည်းဖြစ်ပါတယ်။ ရာသီအဖွင့် အစောပိုင်းပွဲတွေမှာ ညာနောက်ခံလူ အာနိုးလ်တယောက် ခံစစ်ပိုင်း စွမ်းဆောင်ရည် တော်တော်လေး ဆိုးရွားခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပြီး အခုချိန်မှာတော့ ဂိုးမက်ဇ်ကပါ ထဖောက်လာခဲ့တာဖြစ်ပြီး လီဗာပူးကလည်း တန်းဆင်းဇုန်ထဲက နှစ်သင်းကို နှစ်ပွဲဆက်တိုက် ပရီးမီးယားလိဂ်မှာ ရှုံးနိမ့်ခဲ့ရပါတယ်။