ဝက်ဖို့ဒ်နဲ့လီဗာပူးပွဲအပြီး ဆာလာနဲ့ပြောဖြစ်တဲ့အကြောင်းအရာတွေကို ဖော်စတာက ပြန်လည်ပြောပြခဲ့တာပါ။

ဝက်ဖို့ဒ်ဂိုးသမား ဘင်ဖော်စတာက ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် လီဗာပူးကို ဧည့်ခံကစားပြီးတဲ့နောက် သူနဲ့ဆာလာအကြား ပြောကြားခဲ့တဲ့ ပြောစကားတွေကို မီဒီယာတွေဆီ ဖွင့်ချလာခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးက တိုက်စစ်အစွမ်းပြခဲ့ပြီး ဖေမီနိုရဲ့ဟက်ထရစ်နဲ့အတူ ၀-၅ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့တာပါ။



ဆာလာကလည်း အဲ့ဒီပွဲမှာ သိပ်ကိုလှပတဲ့သွင်းဂိုးတစ်ဂိုးကို တစ်ကိုယ်တော်အရည်အချင်းနဲ့ သွင်းယူပြခဲ့ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ချီးကျူးသံတွေကို ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။ အောက်တိုဘာ (၁၆) က ဒီပွဲအပြီး ဖော်စတာနဲ့ဆာလာတို့အကြား ရင်းရင်းနှီးနှီးစကားပြောခဲ့ပြီး ဒီအကြောင်းတွေကို ဖော်စတာက အခုလိုပြောကြားလာခဲ့ပါတယ်။

ဖော်စတာက “အဲ့ဒီပွဲအပြီး ဆာလာ ကျွန်တော့်ကို ပြောသွားတဲ့အကြောင်းအရာတွေက သူ ဘယ်လောက်တောင်ပရော်ဖက်ရှင်နယ်ဆန်လဲ၊ ကိုယ့်ကိုယ်ကိုယ်မောင်းနှင်ထားလဲ၊ ဘယ်လောက်တောင် အကောင်းဆုံးလုပ်ပြချင်လဲဆိုတာကို မြင်သာစေခဲ့ပါတယ်”

“ပွဲသိမ်းခရာမှုတ်ပြီးတော့ သူ ကျွန်တော့်ဆီလာပြီး စကားပြောပါတယ်။ သူ့ပါးစပ်ကိုတော့ လက်နဲ့ကာထားတာပေါ့။ ကင်မရာတွေရိုက်နေလို့လေ။ အဲ့ဒီနောက် သူက ကျွန်တော့်ကို သူသာ ပင်နယ်တီကန်ရင် ဘယ်ဘက်ကို ဒိုက်ထိုးမလဲဆိုပြီး မေးပါလေရော။ အဲ့ဒါကို ကျွန်တော်လည်း သိတာပေါ့ဗျ။ ဒါက သုတေသနလုပ်တဲ့ကိစ္စပဲလေ”

“ကျွန်တော်တို့ ဂိုးသမားတွေဆိုလည်း တိုက်စစ်မှူးတွေ ဘယ်ကိုကန်မလဲ၊ နောက်ဆုံး ပင်နယ်တီ (၄) (၅) (၁၀) လုံးမှာ သူတို့ ဘယ်ကိုကန်ခဲ့လဲဆိုတာတွေကို လေ့လာရတာပဲလေ။ ဥပမာပြောရရင် ဆာလာရဲ့ ပင်နယ်တီ နောက်ဆုံး (၅) လုံးက ဂိုးသမားရဲ့ ညာဘက်ကိုကန်ခဲ့တာပါ”

“အဲ့ဒါနဲ့ ကျွန်တော်လည်း ငါကတော့ ငါ့ရဲ့ညာဘက်ကိုပဲ ထိုးမှာလို့ ပြောလိုက်တယ်။ ဘာလို့လဲဆိုတော့ မင်းက နောက်ဆုံး ပင်နယ်တီ (၅) လုံးကို ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်ခဲ့လို့ပဲဆိုတော့ သူက ဟက်ဟက်ပက်ပက်ကို ပြုံးတာပဲ။ ပြီးတော့ ကျေးဇူးကွာ၊ ငါဒါကိုသိဖို့လိုအပ်လို့ဆိုပြီး ပြောသွားပါတယ်”

“ပွဲကိုလည်း (၅) ဂိုးပြတ်နဲ့နိုင်တယ်၊ သူကိုယ်တိုင်လည်း တစ်ဂိုးသွင်းထားတယ်၊ ဒါတောင်မှ သူက အသေးအဖွဲလေးကအစ ဂရုစိုက်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ သူက အဲ့ဒါတွေကြောင့် တကယ့်ကို ထိပ်တန်းကစားသမားဖြစ်နေတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆာလာဟာ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲမှာလည်း ယူနိုက်တက်ဘက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းခြေစွမ်းပြသနိုင်ခဲ့သေးတာလည်းဖြစ်ပါတယ်။ 

Share

က္က