ရော်နယ်ဒို ချဲလ်ဆီးကိုပြောင်းရွှေ့ဖွယ်ရှိနေတာပါ။

လီဗာပူးကစားသမားဟောင်း စတိဗ်မက်မန်နာမန်က ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ သတိပေးစကားပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ရော်နယ်ဒိုကို ယူရို (၁၅) သန်းနဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ဘက်ကိုမရောင်းချဖို့လည်း စီစဥ်ခဲ့ပါတယ်။



ဒါပေမယ့် လက်ရှိအချိန်မှာ ရော်နယ်ဒိုကိုခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်က လူသိရှင်ကြား ငြင်းဆန်ခဲ့ပြီး ချဲလ်ဆီးကသာ အခြေအနေအကောင်းဆုံးဖြစ်နေခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုကို ပြိုင်ဘက်အသင်းထံ ရောင်းချလိုခြင်းမရှိသည့်တိုင် ကစားသမားက အသင်းကိုစွန့်ခွာလိုစိတ် ပြင်းပြနေတာကြောင့် မတတ်သာတဲ့အဆုံး ချဲလ်ဆီးကို ရောင်းချရဖွယ်ရှိပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာလည်း ယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက် မန်စီးတီးကိုပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီး ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာပါ။ ဒီလိုမျိုး ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ မက်မန်နာမန်က “ရော်နယ်ဒိုသာ ချဲလ်ဆီးကိုပြောင်းသွားခဲ့ရင် ကျနော် အံ့အားသင့်မိမှာ သေချာပါတယ်။ ကျနော် သူ့ကို အခြားအင်္ဂလန်ကအသင်းတသင်းနဲ့ တွဲမြင်လို့ မရပါဘူး”

“ဒီလိုဖြစ်လာမယ်လို့လည်း မြင်ယောင်ကြည့်လို့မရပါဘူး။ ဒါဟာ ယူနိုက်တက်မှာ သူလုပ်ခဲ့သမျှအရာအားလုံးကို ပျက်စီးသွားစေပြီး သူ့ရဲ့အမွေအနှစ်ကိုပါ သူကိုယ်တိုင် ဖျက်ဆီးပစ်ရာရောက်မှာပါ။ ဒါက အရမ်းကို ထူးဆန်းတဲ့ကိစ္စတရပ်လည်းဖြစ်ပါတယ်။ ရော်နယ်ဒိုက မနှစ်ကမှ ယူနိုက်တက်ကို ပြန်ရောက်လာတာပါ”

“အခု ဒီလိုတွေဖြစ်လာတာက ရူးချင်စရာကောင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒို ပီအက်စ်ဂျီကို ရောက်နိုင်ခြေရှိ၊ မရှိအပေါ်မှာလည်း မက်မန်နာမန်က “ပီအက်စ်ဂျီက ရော်နယ်ဒိုကို မလိုအပ်ပါဘူး။ ကာတာကမ္ဘာ့ဖလားမတိုင်ခင် သုံးလလောက်အလိုမှာ ရော်နယ်ဒိုနဲ့မက်ဆီကို တသင်းတည်းမြင်ချင်တာက သတင်းစာဆရာတွေရဲ့အိပ်မက်ဖြစ်မှာပါ။ ဒါပေမယ့် ဒါက လက်တွေ့မကျပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က